ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကမ္ဘာ့အမျိုးသမီးညီလာခံ(ဘေဂျင်း)လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအတွက် သုံးသပ် ဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ဧပြီ ၉၊ နေပြည်တော်

          ကမ္ဘာ့အမျိုးသမီးညီလာခံ(ဘေဂျင်း)လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအတွက် သုံးသပ် ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးစကားပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပသော စတုတ္ထအကြိမ် အမျိုးသမီးရေးရာ ကမ္ဘာ့ညီလာခံကို တက်ရောက်ခဲ့ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ (Myanmar National Committee on Women-MNCW) ကို ၁၉၉၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီကို နိုင်ငံတော်၏မူဝါဒများနှင့်အညီ ၂၀၁၈ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင်  ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)- NSPAW ကို ဘေဂျင်းလုပ်ငန်း စီမံချက်များ (Beijing Declaration and Platform for Action – BPFA)နှင့်  အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း-CEDAW တို့ကို အခြေခံပြီးအဓိက လုပ်ငန်းနယ်ပယ်(၁၂)ရပ်နှင့် ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း CEDAW ပါ ကတိကဝတ်များနဲ့ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)တို့အား အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းနယ်ပယ်(၁၂)ရပ်ကို ထိရောက်စွာ အကောင်အထည် ဖော်ရန် လုပ်ငန်းအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံအဆင့် အစီရင်ခံစာအပေါ် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်မည့် Asia Pacific Intergovernmental Meeting on the Beijing + 25 မှာ လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် Commission on the Status of Women အစည်းအဝေးမှာလည်းကောင်း ပြန်လည်သုံးသပ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်း(NSPAW)၏ နယ်ပယ်များအပေါ် လက်တွေ့ကျကျ ပြန်လည် သုံးသပ်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့တွင်ဆောင်ရွက်လျက်ရှိသော စီမံကိန်းများကို မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (MSDP)ဖြင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ကြုံတွေ့ရသည့် အားနည်းချက်/ အားသာချက်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း၊ အမျိုးသမီးအရေးကို တက်ကြွစွာ ဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့အစည်းများကလည်း အမျိုးသမီးများ၏ ရပ်တည်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များကို ပေါင်းစပ်တင်ပြဆွေးနွေး ဆောင်ရွက်ကြရန် ပြောကြား ပါသည်။

          ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက ၁၉၉၅ ခုနှစ် ဘေဂျင်း အမျိုးသမီး ညီလာခံကြေညာချက်အပေါ် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအား ဆွေးနွေးခြင်း၊ ကြေညာချက်ပါ (၁၂)ချက် အပေါ် ဆောင်ရွက်နိုင်မှုများ၊ စိန်ခေါ်မှုများ၊  အမျိုးသမီးနှင့် အသက်မွေးဝမ်းကြောင်းမှု၊ အမျိုးသမီးနှင့်ခေါင်းဆောင်မှု၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအချက်များအား ဆွေးနွေးခြင်းနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြကြောင်း သိရှိရပါသည်။ 

FacebookTwitter