လူမှုဝန်ထမ်းဦးစီးဌာန၏ (၄၉)ကြိမ်မြောက် ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာ အခမ်းအနား

ရန်ကုန် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ (၄၉)ကြိမ်မြောက်  ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်း သက်ငယ်သင်တန်း ကျောင်းရှိ ယမန်နေ့ နံနက် (၉)နာရီက ကျင်းပရာ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒ န္တ အရိယာ လင်္ကာရထံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ၀န်ထမ်းမိသားစုများနှင့် အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

    အခမ်းအနားတွင် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်းနှင့် ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းမှ စုစုပေါင်း ရှင် (၄၅) ပါးနှင့် အမျိုးသမီးကလေးများ သင်တန်းကျောင်း (ရန်ကုန်)၊  အမျိုးသမီးကလေးများ သင်တန်းကျောင်း(ထောက်ကြန့်)၊ အမျိုးသမီးသက်မွေး အတတ်ပညာ သင်တန်းကျောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့မှ သင်တန်းသူ ၃၀ တို့အား သီလရှင်ဝတ် အလှူတော် မင်္ဂလာများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

FacebookTwitter