လူမှုဝန်ထမ်းဦးစီးဌာနမှကျင်းပခဲ့သည့် Gender ၊ CEDAW၊ UNSCR 1325 အသိပညာပေး Online သင်တန်းဖွင့်လှစ်ခြင်း (နေပြည်တော်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာနသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများအတွက် Gender, CEDAW, NSPAW,  UNSCR 1325 online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများတက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစသည့် လူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique on Prevention and Response to Conflict Related Sexual Violence)ကို အကောင်အထည်ဖော်ရန် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းစီမံချက်ကို  အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် ကျား၊မအခြေပြု အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဉပဒေ(မူကြမ်း) ရေးဆွဲခြင်း၊ တစ်နေရာတည်းမှာ ဖြေရှင်းဆောင်ရွက် နိုင်သည့်စင်တာ (OSWSC)များဖွင့်လှစ်ခြင်း၊  Help Line ဝန်ဆောင်မှုများကို အားလုံးအကျုံးဝင် လက်လှမ်းမီစေရေးအတွက် တယ်လီဖုန်းဖြင့် သာမက Viber Message ပို့ခြင်း၊ Helpline-DSW Facebook Page Messenger မှတဆင့် Message ပေးပို့တိုင်ကြား နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအနေဖြင့် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားစေရန် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း (၁၁)ကျောင်း၊ လူမှုရေးအရအကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက် မှုလိုအပ်သော အမျိုးသမီးများအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန (၂)ခု၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း (၄)ခုနှင့် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (၁)ခုတို့ကို ဖွင့်လှစ်ပြီး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်းနှင့် ယခုသင်တန်း တက်ရောက်ကြသည့် ‌အမျိုးသမီးအဖွဲ့အစည်းများမှ သင်တန်းသား/သူများမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ အဖွဲ့ဝင်များဖြစ်သည့်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းသား/ သူများအနေဖြင့်လည်း လေ့လာရသမျှ ဗဟုသုတများကို မိမိတို့အဝန်းအဝိုင်းအတွင်း ထပ်ဆင့်မျှဝေပေးခြင်း၊ အခွင့်အရေးချိုးဖောက်ခံနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ကူညီကာကွယ်ညွှန်းပို့ပေးခြင်း၊ မိမိတို့၏ လုပ်ငန်းများတွင်လည်း ကျား၊မရေးရာအား ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်းတို့ဖြင့် အမျိုးသမီးအခွင့်အရေးရရှိမှုပိုမိုမြင့်မားသည့် နိုင်ငံဖြစ်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

          သင်တန်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့ အစည်းများမှ သင်တန်းသား/သူ (၃၆)ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၂.၁.၂၀၂၂)နှင့် (၁၃.၁.၂၀၂၂)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter