ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေးအစီအစဉ်နှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံရေး အစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေးအစီအစဉ်နှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံရေး အစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းအစည်းအဝေးကို Virtual ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအစီအစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်း များမှကိုယ်စားလှယ်များ စုစုပေါင်း(၇၀)ဦး Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။

              ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောရာတွင် ကိုဗစ်-၁၉ရောဂါပိုးကို ၂၀၂၀ပြည့်နှစ်၊ မတ်လမှာ မြန်မာနိုင်ငံမှာ စတင်တွေ့ရှိချိန်မှစ၍ ယနေ့ထိ(၂၄)လကြာပြီဖြစ်ကြောင်း၊ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းကာလအတွင်း စေတနာ့ဝန်ထမ်းများက အသက်ကိုပဓာနမထားဘဲဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း တတိယလှိုင်းဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လပိုင်းအတွင်း ရောဂါဖြစ်ပွားမှုအမြင့်ဆုံးဖြစ်ခဲ့ပြီး၊ စက်တင်ဘာလပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ ပြည်သူများနှင့်စေတနာ့ဝန်ထမ်းများ၏ ညီညွတ်စွာပူးပေါင်းမှု ကြောင့်ရရှိသည့်ရလာဒ်ဖြစ်ပါကြောင်း၊ယခုအခါနောက်ထပ်မျိုးကွဲသစ်အိုမီခရွန်ကို နိုင်ငံပေါင်း(၁၅၀) ကျော်မှာတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်းကူးစက်ခံရသူ(၆၀)ကျော်ရှိလာပြီဖြစ်ပါကြောင်း၊ စတုတ္ထလှိုင်းမဖြစ်စေရေး ကာကွယ်ဆေးလက်ဦးထားရန်လိုအပ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အထိကာကွယ်ဆေး(၅၇%)ကျော်ထိုးပြီးဖြစ်ကြောင်း၊ ဆေးထိုးပြီး(၆)လကျော်လာပါက ကိုဗစ်ရောဂါပိုးကိုခုခံနိုင်သည့်အားကျဆင်းလာနိုင်သည့်အတွက် ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးရန်လို အပ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်က ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ Booster ထိုးနှံခြင်းကို ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထိုးနှံပေးနေပါကြောင်း၊ စတုတ္ထလှိုင်းအတွက်ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်း များကိုအသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်နိုင်ရေးစီစဉ်လျက်ရှိပါကြောင်း၊  စေတနာ့ ဝန်ထမ်းများကို လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ အိုမီခရွန်သည် နိုင်ငံပေါင်း(၁၅၀)ကျော်မှာကူးစက်ဖြစ်ပွားနေကြောင်း၊ လူ(၅)သိန်းကျော်ကူးစက်ခံနေရပြီး၊ (၁၁၅)ဦး သေဆုံးခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားပြန်များတွင်တွေ့ရှိ ခြင်းဖြစ်၍ ကာကွယ်ဆေးနှင့်အသိပညာပေးများတိုးချဲ့ဆောင်ရွက်ရန်လိုအပ်သည်အတွက် စေတနာ့ဝန်ထမ်းများမှကူညီပေးစေလိုကြောင်း၊ ထပ်ဆောင်းကာကွယ်ဆေး Booster dose ထိုးနှံရေးအစီအစဉ်များတွင် စေတနာ့ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း နိုင်ငံတော်အနေဖြင့် ဆောင်ရွက်သွားမည့် Booster dose ထိုးနှံမည့်အစီအစဉ်အား ရှင်းလင်းတင်ပြခဲ့ပါသည်။

ပရဟိတအဖွဲ့များအလိုက် ဆွေးနွေးတင်ပြကြရာတွင် စေတနာ့ဝန်ထမ်းစိစစ်ရေးကဒ်များမရရှိကြသေးသူများအတွက် ထပ်မံဆောင်ရွက်ပေးနိုင်ရေး၊  ကျန်းမာရေးသုံးပစ္စည်းလိုအပ်မှု၊ အစားအသောက်နှင့် စက်သုံးဆီလိုအပ်မှုများ၊ အသင်းပိုင်လူနာတင်ယာဉ်များသွားလာရေး၊ သယ်ယူရေးဆိုင်ရာကိစ္စများ၊ မြေပြင်တွင်အဖွဲ့အလိုက်ဆောင်ရွက်လျက်ရှိရာတွင် ကြုံတွေ့နေရသည့်အခြေအနေများနှင့် အကြံပြုချက်များကိုဆွေးနွေး တင်ပြကြပါသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက  စေတနာ့ဝန်ထမ်းများအား အလုပ်လုပ်သည့်အခါ စာရွက်စာတမ်းများစနစ်တကျရှိဖို့မှာကြားလိုကြောင်း၊ သက်ဆိုင်ရာမြို့နယ်စေတနာ့ဝန်ထမ်းအဖွဲ့များနှင့်ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှသိရှိပြီး လိုအပ်သည်များထောက်ပံ့နိုင်မှာဖြစ်ကြောင်း၊ ပရဟိတအဖွဲ့အစည်းများအချင်းချင်း ကွန်ယက်သဖွယ်ချိတ်ဆက်ဆောင်ရွက်ခြင်းမှာ အလွန်ကောင်းမွန်ပါကြောင်း၊စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို မှတ်သားထားပြီး ဆက်လက်တင်ပြပေးသွားမှာဖြစ်ကြောင်း၊ ကိုဗစ်ကူးစက်မှုရာခိုင်နှုန်း လျော့နည်းလာခြင်းကြောင့် ပြည်သူများလိုက်နာမှုအားနည်းလာသည့်အတွက် အသိပညာပေးခြင်းများကိုဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ ထပ်ဆောင်းကာကွယ်ဆေး Booster dose  ထိုးနှံရေးမှာလည်း ပူးပေါင်းပါဝင်စေလိုကြောင်း၊ စေတနာ့ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုနိုင်ငံတော်အဆင့်ဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် ဂုဏ်ယူစေလိုကြောင်းပြောကြားပြီး အစည်းအဝေးကိုမွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter