နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်လှူဒါန်းမည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဇန်နဝါရီ ၁၆၊ နေပြည်တော်

          ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်မည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ  ဆောက်လုပ်ပြီးစီးလျှင် မိမိတို့ ဝန်ကြီးဌာနထံ လှူဒါန်းမှာဖြစ်သည့်အတွက် ကျေးဇူးတင်စကား လာရောက်ပြောကြား ခြင်းဖြစ် ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ခိုင်ခိုင်မာမာ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ရသည်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကာလသည် မွေးစအရွယ်မှ အသက် (၈)နှစ်ထိဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဖြစ်သည့် အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက် ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များအနက် ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းသည် ကလေးသူငယ်များ၏ အခွင့်အရေးများအားလုံးကို ဖော်ဆောင်ရာ တွင် အဓိကကဏ္ဍ တစ်ရပ်အဖြစ် တည်ရှိမည်ဖြစ်ရာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ပြီး မိမိတို့၏ ဝန်ကြီးဌာနက အကောင်အထည်ဖော်မှုများကို ပံ့ပိုးကူညီနိုင်မည်ဖြစ်ပါကြောင်း၊ ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းကနေပြည်တော်တွင် ဆောက်လုပ် လှူဒါန်းမည့် ကလေးပြုစုရေး အဆောက်အဦအတွက် လှူဒါန်းကြသော အလှူရှင်များ နှင့် ပူးပေါင်း ဆောင်ရွက်ပေးကြသော အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းများဖြစ်သော နေပြည်တော်၊ ကလေးပြုစုရေး အဆောက်အဦမြေနေရာ အတွက် မြေသန့် ပရိတ်ရွတ်ဖတ်ခြင်းနှင့် အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား ပြုလုပ်မည့်အစီအစဉ်များ၊ ရေနှင့်လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိင်မှု အခြေအနေများ၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် ငလျင်ဒဏ်ခံ အဆောက်အဦ ဖြစ်စေရန် ဆွေးနွေးခဲ့ကြရာ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှ ဥက္ကဌနှင့်တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter