ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၉) တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၄
    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပခဲ့ရာ  ကော်မတီဥက္ကဌ  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် အစိုးရအနေဖြင့် ကလေးသူငယ် များ၏ အခွင့်အရေး (၄)ရပ်ကို ဖေါ်ဆောင်ရန် အမျိုးသားကော်မတီကို ဖွဲ့စည်း၍ မှုဝါဒ၊ မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနက အသစ်ရေးဆွဲ ပေးပို့ထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းကို လွှတ်တော်တွင် စိစစ်လျက်ရှိပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ပြုပြင်ရေးဆွဲပြီး မကြာမီ အတည်ပြု ပြဌာန်းနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးဆောင်ရွက် နေရသည် များရှိကြောင်း၊ ကလေးသူငယ်များနှင့်ပတ်သက်၍လည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဖြည့်ဆည်းဖော်ဆောင်ပေးရန်တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံရှိကလေးများအတွက် အကျိုးရှိမည့် အခွင့်အရေးများကိုဖေါ်ဆောင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီက တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်က ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသောဦးတည်ချက် (၃) ရပ်မှ ပထမဦးတည်ချက် ဖြစ်သော “တရားဥပဒေစိုးမိုးရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး”သည် ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ရေးနှင့်သက်ဆိုင်လျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို စနစ်တကျပြုစု ပျိုးထောင်ပါက နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် လူစွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးခြင်းဖြစ်ပြီး မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် ကလေးသူငယ်များအတွက် တရားဥပဒေ စိုးမိုးမှု ရှိစေမည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသစ် အတည်ပြု ပြီးပါက ဥပဒေအတိုင်း ကလေးသူငယ်အခွင့်အရေးများအတွက် အမျိုးသားကော်မတီက ဦးဆောင်ပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စွမ်းဆောင်ရည် မြင့်မားသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လျှင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူ၊ ပြည်သားများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ရှေးဦးအရွယ် ကလေးသူငယ်ဘဝမှစ၍ လူမှုသဟဇာတဖြစ်ရေးကိုလေ့ကျင့်ပေးနိုင်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများအတွင်းရှိ ကလေးသူငယ်များ၏အရေးသည် ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် သာတူညီမျှစနစ်၊ ခွင့်တူညီမျှခံစားရသည့်စနစ်ဖြစ်သည့်အတွက် ကလေးသူငယ်များ၏ အခွင့်အရေးကို ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုနိမ့်ကျသည့် ချင်း၊ ရခိုင်၊ နာဂ၊ ကရင်၊ ကယားပြည်နယ်တို့ကို ဦးစားပေးစနစ်ဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးကို ရွေးချယ်ဆောင်ရွက် ရပြီး လူမှုစီးပွားဖွံ့ဖြိုးမှု နိမ့်ကျသောဒေသများရှိသည့် ကျန်ရှိသောပြည်နယ်/ တိုင်းဒေသကြီး များတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် မျှမျှတတခံစားရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ကလေးသူငယ်များဆိုင်ရာ မူဝါဒတွင်ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီပြီး အားလုံးပါဝင်နိုင်မည့် လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် အကောင်အထည် ဖော်ဆောင်မည့်မူဝါဒရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲသည့် ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ပါ ကလေးသူငယ်ဆိုင်ရာလုပ်ငန်းစဉ်များနှင့် ကိုက်ညီရန်ဆောင်ရွက်လျက် ရှိကြောင်း၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် Sustainable Development Goal နှင့်ကိုက်ညီရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီဝင်များအနေဖြင့် လက်တွေ့အကောင် အထည်ဖေါ်ဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြပါရန် ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများဆောင်ရွက်ရမည့် တာဝန်များနှင့်အစီရင်ခံစာ တင်သွင်းမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး /ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီးများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာအမျိုးသားကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခဲ့ကြပါသည်။
ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter