ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

ဖေဖော်ဝါရီ ၇ ၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့်အဖွဲ့က ယနေ့ နံနက်ပိုင်းနှင့် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အသီးသီး လာရောက်တွေ့ဆုံပါသည်။
    တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး က ယနေ့ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ အဖွဲ့ဝင်အချို့အပါအဝင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာကွယ်ရေးကော်မတီမှ အဖွဲ့ဝင်အချို့လည်း ပါဝင်ပါကြောင်း၊ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အား ကျယ်ပြန့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ထူးခြားမှုအနေဖြင့်အမျိုးသမီးအရေးကို ဦးဆောင်နေသော လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) အား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ (၇)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဦးစားပေးကဏ္ဍ (၆)ရပ် ပါရှိကြောင်း၊ အဆိုပါဦးစားပေးကဏ္ဍ(၆)ရပ်နှင့်အညီ မိမိတို့ လက်ရှိဆောင်ရွက်နေသည်များ ရှိပါကြောင်း၊ ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ ရေးဆွဲဆောင်ရွက်နေသကဲ့သို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ပြည့်တန်ဆာဥပဒေ တို့ကိုလည်း ရေးဆွဲပြဌာန်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ တရားစီရင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အရာရှိများကိုလည်း ကျား/မရေးရာ သင်တန်းများ၊ လူမှုသဟဇာတမျှတရေး သင်တန်းများ ပေးအပ်လျက်ရှိပါကြောင်း၊ လိင်အကြမ်းဖက်မှု ကျူးလွန်ခံရသူများအတွက် ပြဿနာများကို တစ်နေရာထဲတွင် ဖြေရှင်းဆောင်ရွက်ပေးမည့်စင်တာများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ကိုလည်း ဆောင်ရွက်နေကြောင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ လူကုန်ကူးခံရသူများ ပြန်လည် လက်ခံရေး၊ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ CEDAW ကော်မတီသို့လည်း လိုအပ်သောအစီရင်ခံစာများ ပုံမှန်တင်သွင်းလျက်ရှိပြီး မကြာသေးမီက CEDAW Exceptional Report ကို နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် CEDAW ကော်မတီသို့ တင်သွင်းခဲ့ပါကြောင်း၊ လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာကွယ်ရေးကော်မတီကိုလည်း၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နိုင်ရေး၊ ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု (၆)ရပ်ကို ကာကွယ်တားဆီးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေ သကဲ့သို့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICoE)၏ ဆောင်ရွက်မှုလည်း ရှိကြောင်း ရှင်လင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဒေါ်သက်သက်ဇင် က မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ လုပ်ငန်းများနှင့် အဖွဲ့ချုပ်၏လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ထို့နောက် Ms. Pramila Patten က ပြန်လည်ဆွေးနွေးရာတွင် ယခုကဲ့သို့ ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း ဆွေးနွေးခဲ့သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ အပေါင်းလက္ခဏာဆောင် သော တိုးတက်မှုများကို တွေ့ရပါကြောင်း၊ မိမိ၏တာဝန်မှာ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ဆိုင်ရာကာကွယ်တားဆီးရေး၊ စုံစမ်းစစ်ဆေးရေးနှင့် တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ရေး တို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ဆောင်ရွက်မှုများကို လေ့လာရန် ပါဝင်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ တားဆီးကာကွယ်ရေး ကော်မတီတို့၏ ဆောင်ရွက်ချက်များကို သိရှိရပါကြောင်း၊ အဆိုပါကော်မတီနှင့်စပ်ဆက်လျက် ရှိသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းများ၊ Country Taskforce on Monitoring and Reporting (CTFMR) လုပ်ငန်းများစုစည်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊  လိုအပ်သော ဥပဒေများ၊ မူဝါဒများ ပြင်ဆင်ရေးဆွဲအတည်ပြုနေသည် ကိုလည်း သိရှိရပါကြောင်း၊ ပူးတွဲ ကြေညာချက်အား လက်မှတ်ထိုးပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အထူး အလေးထား ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုကျူးလွန်ခံရသူများ လိုအပ်သော ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝ ရရှိနိုင်ရေးမှာလည်း အရေးကြီးပါကြောင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။  

 

FacebookTwitter