အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားကျင်းပ

ဧပြီလ ၄၊ နေပြည်တော်
    အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ပါသည်။
    အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ (၈)ရက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဧပြီလ (၄)ရက်နေ့ကို မိုင်းအန္တရာယ်အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ကမာ့္ဘနိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ မြို့နယ်(၅၂) မြို့နယ်တို့တွင် မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ပစ္စည်းများ၏   အန္တရာယ်နှင့် ရင်ဆိုင်နေရပါကြောင်း၊  မိုင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ လူမှုစီးပွား ဘဝများ ထိခိုက်ခြင်းများကို ပြည်သူများကိုယ်တိုင် ရင်ဆိုင်ခံစားနေရပါကြောင်း၊ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းအတွက် ကဏ္ဍ(၅)ရပ်ဖြစ်သည့် မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ မိုင်းရှင်းလင်းခြင်း၊ တိုက်တွန်း နိုးဆော်ပေးခြင်း၊ စုဆောင်းထားသော လက်နက်ပစ္စည်းများအား စုပုံဖျက်စီးခြင်းနှင့် ထိခိုက်ခံစားခဲ့ရသူများအား အကူအညီ အထောက်အပံ့ပေးခြင်းတို့ကို မိမိတို့ဝန်ကြီး ဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းအန္တရာယ်အသိပညာ ပေးခြင်း ဆောင်ရွက်ရာတွင် နည်းပညာအထောက်အပံ့မပါသော ကွင်းဆင်းလုပ်ငန်း ဆောင်ရွက်မှု Non-Technical Survey (NTS) များကိုပါ တိုးချဲ့ဆောက်ရွက်လျက် ရှိပါကြောင်း၊ မိုင်းကြောင့် ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ခြင်းကဏ္ဍအနေဖြင့် (၁)ဦးလျှင် ထောက်ပံ့ကြေးငွေကျပ် (၂)သိန်းနှုန်းဖြင့် စုစုပေါင်း(၉၉၈)သိန်းတိတိကို မိမိတို့ဝန်ကြီးဌာန ၏ရန်ပုံငွေဖြင့် ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် လိုက်လံထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မိုင်းအန္တရာယ်သတိပေး အမှတ် အသားများထားရှိခြင်းဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူ များက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိုင်းကြောင့်ထိခိုက် ခံစားရသူများ လျော့နည်းသွားမည် ဖြစ်ပြီး သက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိုင်းလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းဖြစ်သော ASEAN Regional Mine Action Center(ARMAC)အဖွဲ့၏ ပုံမှန်အစည်းအဝေးများ၊ Anti-personal Mine Ban Convention, Geneva GICHD Workshop တို့တွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းများမှ အကူညီပေးဆောင်ရွက် နေကြသော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးကြပါစေ လိုကြောင်း  တိုက်တွန်းပြောကြားပါသည်။
    ဆက်လက်၍ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Knut Ostby နှင့် နော်ဝေနိုင်ငံသံရုံး သံအမတ် မြေမြုပ်မိုင်းတားမြစ် ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ်အဖွဲ့ ဥက္ကဌ H.E. Ms Tone Tinnes တို့က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ဒုဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ခင်ကျင်းပြသ ထားမှုများကို လှည့်လည်ကြည့်ရှုကြပါသည်။
    ထို့နောက် စကားဝိုင်းတင် ဆွေးနွေးပွဲတွင် မိုင်းအန္တရာယ်အသိပညာပေးရေး လုပ်ငန်းအဖွဲ့၏ အောင်မြင်မှုများနှင့်စိန်ခေါ်မှုများအကြောင်းကို ပြန်လည်ထူထောင်ရေး  ဦးစီးဌာနက လည်းကောင်း၊ မိုင်းအန္တရာယ်ပေးအသိပညာပေးရေးလုပ်ငန်းများအကြောင်းကို ပညာရေးဝန်ကြီး ဌာနက လည်းကောင်း၊ မိုင်းကြောင့် ထိခိုက်ခံစားရသူများကို ကုသပေးခြင်း နှင့် အကူအညီ အထောက်အပံ့ပေးမှုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လည်းကောင်း ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများအကြောင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကလည်းကောင်း၊ မိုင်းအရေးလုပ်ငန်း အတွေ့အကြုံများနှင့် အမျိုးသား မိုင်းရှင်းလင်းရေး အာဏာပိုင်အဖွဲ့အကြောင်းအား UNICEFက လည်းကောင်း အသီးသီး ဆွေးနွေး ကြကြောင်း သိရှိပါသည်။

FacebookTwitter