ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း ပပျောက်ရေး နှင့် လုပ်ငန်းစီမံချက်အပေါ်ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ၊ ဧပြီ ၅                        
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပသော အာဆီယံဒေသဆိုင်ရာ ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေးနှင့် လုပ်ငန်းစီမံချက်အပေါ်ပြန်လည်သုံးသပ် သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့အစိုးရအနေဖြင့် ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ဖော်ဆောင်ပေးနိုင်ရန် ဦးဆောင်ဆောင်ရွက်လျက်ရှိပြီး (United Nation Convection on the Rights of Child-UN CRC) တွင် ၁၉၉၁ ကတည်းက လက်မှတ်ရေးထိုးထားကြောင်း၊ ၂၀၁၀ခုနှစ်တွင်အာဆီယံဒေသဆိုင်ရာအမျိုးသမီးများနှင့် ကလေးသူငယ်အခွင့်အရေးများမြှင့်တင် ပေးခြင်းနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ASEAN commission on Promotion and Protection of the Rights of Women and Children- ACWC) ပေါ်ပေါက်လာပါကြောင်း၊ACWC ကော်မရှင်တွင် အာဆီယံနိင်ငံအားလုံးပါဝင်နိုင်ရန်ဖွဲ့စည်းထားကြောင်း၊ အဆိုပါ ACWC ကော်မရှင်တွင် မိမိတို့နိုင်ငံမှကိုယ်စားလှယ် နှစ်ဦးပါဝင်ကြောင်း၊ ၂၀၁၃ခုနှစ်တွင် အာဆီယံခေါင်း ဆောင်များမှ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကြေငြာစာတမ်းထုတ်ပြန်ခဲ့ ကြောင်း၊ ထိုကြေညာစာတမ်းကို အကောင်အထည်ဖော်ရန် ACWC ကော်မရှင်မှတာဝန်ယူ၍ အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ်အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက် (ASEAN Regional Plan of Action on Elimination of Violence Against Children) ပေါက်ပေါက်လာကြောင်း၊ ထိုစီမံချက်ကိုအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နေကြောင်း၊ အကောင်ထည် ဖော်ဆောင်ရွက်ချက်များအပေါ်တွင်  ပြန်လည်သုံးသပ်ရန်လိုအပ်သဖြင့်  ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ဤ အလုပ်ရုံဆွေးနွေးပွဲတွင်  ဆောင်ရွက်နေသော လုပ်ငန်းစဉ် (၈) ရပ်ကို ဆွေးနွေးသုံးသပ်ကြမည်ဖြစ်ကြောင်း၊ ၁၉၉၃ခုနှစ် တွင် အတည်ပြုအသုံးပြုလျက်ရှိသော ကလေးသူငယ်ဥပဒေကို ပြင်ဆင်ရန်လိုအပ်သည့်အတွက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေအသစ်ရေးဆွဲပြဌာန်းနိုင်ရန် ဥပဒေကြမ်းကို လွှတ်တော်တွင်ဆွေးနွေးနေပြီဖြစ်ပါကြောင်း၊ မကြာမီ အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ခြင်းနှင့် ပတ်သက်၍ အခန်း တစ်ခုအနေဖြင့်သီးခြားထည့်သွင်းရေးဆွဲထားပါကြောင်း၊ ဥပဒေ ပေါ်ပေါက်လာပါက ထိုဥပဒေစိုးမိုးမှုရှိရန် လိုအပ်ပါကြောင်း၊ ထိရောက်သောပစ်ဒဏ်များချမှတ်နိုင်ရေး ထည့်သွင်းရေးဆွဲ ထားပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ရာ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့်ထိ အဆင့်ဆင့် ဖွဲ့စည်းထားပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဖော်ဆောင်ခြင်းနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း ပပျောက်ရေးနှင့်ပတ်သက်၍ ပြည်သူအားအသိပညာပေးရန်လိုအပ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍  အသက်ရှင်သန်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက် ခွင့်နှင့် ပါဝင်ခွင့်ဟူ၍ ကလေးသူငယ်ဥပဒေတွင် ပါရှိကြောင်း၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးမူဝါဒ (Child Protection Policy) ရေးဆွဲရန် လိုအပ်နေသေးသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်နိုင်ရေးအတွက်  လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါစနစ်တွင်ကလေးသူငယ်ကိစ္စရပ်များ အပါအဝင် ကျား/မ အခြေပြု အကြမ်းဖက်ခြင်း ပေါင်းစပ်ဖြေရှင်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များနှင့် ပတ်သက်၍ အပြုသဘောဆောင်သော သွန်သင်ဆုံးမခြင်းဆိုင်ရာ စံလက်စွဲ စာအုပ်(မူကြမ်း)ရေးသား ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ကလေးများ၏ အခွင့်အရေးနှင့် အကြမ်းဖက်မှု ကာကွယ်ရေးများတွင် နေရာဒေသအသီးသီးတွင် အခြေအနေအမျိုးမျိုးဖြင့် ရပ်တည်နေသော ကလေးသူငယ်များ အားလုံး သာတူညီမျှခံစားရရှိနိုင်ရန် ကလေးများ၏အသံများသည်လည်း အရေးကြီးပါကြောင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် အားလုံးဝိုင်းဝန်း ကြိုးစားပေးကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ UNICEF ၏ ဌာနေကိုယ်စားလှယ် Ms.June Kunugi က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက Overview of ASEAN Regional Plan of Action for Elemination of Violence Against Children ကို တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကလေးသူငယ်များနှင့် လူငယ်ကိုယ်စားလှယ်များ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter