ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သုတေသနလုပ်ငန်းအကောင်အထည်ဖော်မှု တိုးတက်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၁၈.၄.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဝန်ကြီးရုံး၏ သုတေသနလုပ်ငန်းဆောင်ရွက်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန Research and Development Centre ၏ လုပ်ငန်းအကောင်အထည်ဖော်မှုတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ပါသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သောဘေးများအတွက် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒနှင့်ဥပဒေများ၊ မဟာဗျူဟာများ၊ စီမံချက်များ၊ ရေတိုရေရှည်စီမံကိန်းများ ချမှတ်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ဤသို့ ဆောင်ရွက်ရာတွင် အထောက်အထားအခြေပြု သုတေသနရလဒ်များကို အသုံးပြုခြင်းဖြင့် ပြည်သူလူထုအတွက် လိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး မျှော်မှန်း ထားသော အကျိုးရှိမည့် အပြောင်းအလဲများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊  ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် သုတေသနစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီး Protocol and Ethics Board အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ (၂)နှစ်ကျော်ကာလအတွင်း ဆောင်ရွက်ခဲ့သော သုတေသနလုပ်ငန်းများကို ပြန်လည်စိစစ်ခဲ့ရာ သိသာထင်ရှားသော အကျိုးရလဒ်များကို တွေ့ရှိ ရကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများအလိုက် လိုအပ်သောသုတေသနလုပ်ငန်းများကို ဆောင်ရွက် ရာတွင် လိုအပ်သောကျွမ်းကျင်ပညာရှင်များကို ထပ်မံထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိ ဝန်ထမ်းများအနေဖြင့် သုတေသနလုပ်ငန်းများတွင် ပိုမိုစိတ်ဝင်စားမှုရှိရန်နှင့် သုတေသနဆောင်ရွက်မှု စွမ်းရည် ပိုမိုမြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက အကြံပြု ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter