ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပ

ရန်ကုန်၊ ၇-၅-၂၀၁၉
    ရခိုင်ပြည်နယ်အတွင်း  တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့နှင့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Park Royal Hotel ၌ ဆက်လက်ကျင်းပ ပါသည်။
    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီဝင်များနှင့် အကြံပေးဘုတ်အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ် ရုံးနှင့် အာဆီယံလူသားချင်းစာနာမှုညှိနှိုင်းရေးမှူးရုံး (AHA Centre)တို့မှ ကိုယ်စားလှယ်များ၊ တက်ရောက်ကြပါသည်။
    အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့၏  ကဏ္ဍအလိုက်ဆွေးနွေးပွဲများကိုကျင်းပရာ လူမှုသဟဇာတမျှတရေးအတွက် အရေးပါမှု ကဏ္ဍအစီအစဉ်၏ သဘာပတိအဖြစ် ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ဦးဆောင်ဆွေးနွေးသူအဖြစ် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာလေ့လာရေးအဖွဲ့- (CDNH)  ညွှန်ကြားရေးမှူးဒေါက်တာ ကျော်ရင်လှိုင်၊ ပြန်လည်ဆွေးနွေးသူအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးတို့က ဆောင်ရွက်ကြပါသည်။
    ထို့နောက် ရခိုင်ပြည်နယ်အတွင်း ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ အစီအစဉ်၏ သဘာပတိအဖြစ် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဦးဆောင်ဆွေးနွေးသူများအဖြစ် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဒေါက်တာ သက်ခိုင်ဝင်းတို့ကလည်းကောင်း၊ ပြန်လည်ဆွေးနွေးသူအဖြစ်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒေါက်တာသာလှရွှေတို့က ဆောင်ရွက်ခဲ့ကြပါသည်။
    မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲ၏ နိဂုံးချုပ် အမှာစကားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကပြောကြားရာတွင် နှစ်ရက်တာကာလအတွင်းကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲရဲ့ ကဏ္ဍ (၅) ခုစလုံးမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဆိုင်ရာကော်မတီ ကော်မရှင်အသီးသီးမှ အဖွဲ့ဝင်များ၊  ပညာရှင်များ၊ အချိန်ပေးတက်ရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်ကြီးများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆွေးနွေးမှုများကို အနှစ်ချုပ်ရမယ်ဆိုရင် အားလုံးဟာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအပေါ်မှာ အောင်မြင်မှုတွေ၊ ရင်ဆိုင်ကျော်လွှားရမယ့်စိန်ခေါ်မှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေး ပေးခဲ့ကြတာကိုတွေ့ရပါကြောင်း၊ ပြန်လည်သုံးသပ်ခြင်းအစီအစဉ်ကြောင့် လွန်ခဲ့သော တစ်နှစ်ခွဲ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့်  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို ပြန်လည်သုံးသပ်ဆွေးနွေး နိုင်ခဲ့ကြ ပါကြောင်း၊ ယခုလိုဆွေးနွေးမှုကြောင့် ဆောင်ရွက်ဆဲ ဆောင်ရွက်ပြီးအခြေအနေများတွင် အောင်မြင်မှုမရှိခဲ့သောလုပ်ငန်းများကို သင်ခန်းစာယူပြီး နောင်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နိုင်မည့်နည်းလမ်းများကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊
ယနေ့ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များကို နည်းလမ်းမျိုးစုံနဲ့ အကောင်အထည်ဖော် ဆောင်ရွက် နေကြသည့် ကော်မတီဝင်များနှင့် အကြံပြုအဖွဲ့ဝင်များအားလုံး ပါဝင်သုံးသပ်ဆွေးနွေးခဲ့ကြပါကြောင်း၊ ပုံမှန်အားဖြင့် ကော်မတီ၊ ကော်မရှင်အလိုက်သာ အစည်းအဝေးများဆောင်ရွက်လေ့ရှိပြီး အတူတကွ ပေါင်းစုံစုစည်းသုံးသပ်ဆွေးနွေးကြသည့် ယခုလိုဆွေးနွေးပွဲမျိုးမှာ ပထမ ဦးဆုံးဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သူများက ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း ပါဝင်ဆွေးနွေး ကြသည့်အတွက် ဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုဆွေးနွေးချက်များသည် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးအကြံပြုချက်များအားလုံးကို မှတ်တမ်းတင်ထားရှိပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များနှင့် တိုးတက်ဖြစ်ပေါ်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပြန်လည်မျှဝေပေးသွားမည်ဖြစ်ပြီး ယခုပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ သတင်းမှန် များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မီဒီယာများသို့ ဖြန့်ဝေနိုင်ရန် သတင်းစာရှင်းလင်းပွဲကို ဆွေးနွေးပွဲအပြီး ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ်အတွင်း အချိန်ကာလအားဖြင့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် ပြဿနာများ၊ အကြပ်အတည်းများကိုပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရေးသည် ခက်ခဲသော်လည်း မိမိတို့၏ အဓိက ဦးစားပေးတာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းဖြစ်၍ ဇွဲ၊ လုံ့လ ဝီရိယတို့ စိုက်ထုတ်လုပ်ဆောင်ပါက အောင်မြင်မှာဖြစ်ပါကြောင်း ပြောကြားပါသည်။
    ထို့နောက် ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖေါ်ဆောင်ရွက် နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်း ပွဲကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင် Rt. Hon. Lord Darzi of Denham ( ရိုက်စ်ဟော်နာအေးဘဲလ် လော့ဒါဇီ ဒန်ဟမ်) နှင့် Emergency Response And Assessment Team (ERAT) မှ Mr. Arnel Capili တို့က ဆောင်ရွက်ကြပြီး တက်ရောက်လာကြသော သတင်းမီဒီယာသမားများ၏ မေးမြန်ချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter