မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ၁၅.၅.၂၀၁၉    
    မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးရန်အတွက် အဓိကဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်သည် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ ဆောင်ရွက်နေသော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ဥပဒေထုတ်ပြန်ပြီးဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးတွင်း နည်းဥပဒေ(မူကြမ်း)အပေါ် ဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်လျက်ရှိပြီး လက်ရှိဘဏ္ဍာရေးနှစ်တွင် အသက်(၈၅)နှစ်သို့ လျှော့ချပြီး ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာ ရန်ပုံငွေထူထောင်ရေးနှင့် တိုးပွားရေးအတွက်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးဆိုင်ရာ၊ ခရီးသွားလာ မှုဆိုင်ရာ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာနှင့် သက်သာခွင့်၊ ကင်းလွတ်ခွင့်များ ခံစားရရှိနိုင်ရန် သက်ကြီးရွယ်အို သက်သေခံကတ်ပြားလိုအပ်ပြီး သက်ကြီးရွယ်အိုအဆင့်အလိုက် သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေပါ အခွင့်အရေးများကို ဖော်ဆောင်ရွက်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများ၏ စီမံကိန်းများတွင် သက်ကြီးရွယ်အိုဆိုင်ရာလုပ်ငန်းများအတွက် ထည့်သွင်းရေးဆွဲရန် လိုအပ်ပါ ကြောင်း၊ ဘတ်ဂျက်ရေးဆွဲသည့်အခါ မဟာဗျူဟာစီမံချက်များတွင်ပါဝင်သော သက်ကြီးရွယ်အို များဆိုင်ရာ လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့် ကိုက်ညီရမည် ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံလူဦးရေ၏ ခန့်မှန်း (၁၀) ရာခိုင်နှုန်းသည် သက်ကြီးရွယ်အိုများဖြစ်သည့်အတွက် သက်ကြီးရွယ်အိုများ၏ အကျိုးစီးပွားအတွက် တက်ကြွ၍ ကျန်းမာသော သက်ကြီးရွယ်အိုဘဝ (Active and Healthy Ageing) ဖြစ်နိုင်ရန်အတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သလို ၎င်းတို့ကိုယ်တိုင် လူမှုဘဝထဲတွင် ဆက်လက်အကျိုးပြု ပါဝင်ဆောင်ရွက် ဖို့လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသက်ကြီး ရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်ပြီး သက်ကြီးရွယ်အိုဆိုင်ရာ ကိစ္စရပ်များတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သဖြင့် ကော်မတီဝင်များက ထိရောက်စွာ ပူးပေါင်း ဦးဆောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။  
    ၎င်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက သက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေထူထောင်နိုင်ရေးအတွက် လည်းကောင်း၊ ညွှန်ကြားရေးမှူး၊ ဦးကျော်လင်းထင်က  ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေ(မူကြမ်း)တို့အား တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter