လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများ၏ စိတ်နေသဘောထားနှင့်ခံယူချက်များဆိုင်ရာ သုတေသန လုပ်ငန်းအတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၁၇.၅.၂၀၁၉
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများ၏ စိတ်နေသဘောထားနှင့် ခံယူချက်များ ဆိုင်ရာ သုတေသန လုပ်ငန်းအတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြေားကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများရရှိရန်နှင့် အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်အဆင့် ယန္တရားတစ်ရပ် အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၂၀၁၈ ခုနှစ်တွင်ပြန်လည်ဖွဲ့စည်းခဲ့ပြီး မူဝါဒ အသစ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို ရေးဆွဲပြီး အဆိုပါ စီမံကိန်းတွင် လုပ်ငန်းနယ်ပယ် (၁၂)ရပ်ကို ပညာရှင်များနှင့် ပူးပေါင်း၍ဆောင်ရွက်နေပါကြောင်း၊ နယ်ပယ် (၁၂)ရပ်လုံးကို သုတေသနဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုနယ်ပယ်(၁၂)ရပ်တွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့လည်းပါဝင်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို အမျိုးသမီးအရေးဆက်စပ်ဆောင်ရွက်လျက်ရှိသော အစိုးရဌာနများ၊ အမျိုးသမီးအရေးကို တက်ကြွစွာဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့(၇)ဖွဲ့နှင့် ဖွဲ့စည်းထားပါကြောင်း၊  အကြမ်းဖက်မှု များတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် အလေးထားဆောင်ရွက်ရန်လိုအပ်သဖြင့် အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစီမံချက် တွင်လည်း ပူးပေါင်းဆောင်ရွက်နေသလို  ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ လက်ရှိကာလတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်(Joint Communique) ကို လက်မှတ်ရေးထိုးထားပြီး  ဦးစားပေးနယ်ပယ်များကို အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အရေးယူနိုင်မည့် တရားဥပဒေစိုးမိုးမှု ခိုင်မာစေရန်   အမျိုးသမီးအခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး   ဥပဒေ(မူကြမ်း)ကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် Help Line/ Hot Line ဖုန်းနံပါတ်များကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလမှ စတင်တည်ထောင်ထားပြီး (၂၄)နာရီဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက တိုင်ကြားလာသောလိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု၊ မုဒိမ်းမှု၊ လူကုန်ကူးမှု၊ အိမ်တွင်းအကြမ်းဖက်မှုကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် နားခိုရာနေရာများနှင့်  ဝန်ဆောင်မှုများအား  ပံ့ပိုးဆောင်ရွက် ပေးနိုင်ရန်အတွက် One Stop Women Support Center (OSWSC)များကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ လားရှိုးမြို့နှင့် ဘားအံမြို့တို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်လည်းဆက်လက် ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရသည့်အမျိုးသမီးများအတွက် ကျန်းမာ ရေးဆိုင်ရာ ဝန်ဆောင်မှု၊ တရားရေးဆိုင်ရာ ဝန်ဆောင်မှု၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုရရှိရေးနှင့်  နောက်ဆက်တွဲ ငွေကြေးထောက်ပံ့မှုများကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ယခုနှစ်ဧပြီလကုန်အထိ Help Line သို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ တစ်ဆင့်ဆက်သွယ်တိုင်ကြားလာသော အကြမ်းဖက်ခံရသော အမျိုးသမီးနှင့် မိန်းကလေးငယ်ရွယ်များ၏ အမှုပေါင်း (၁၆၃၈)မှုရှိပြီး အဆိုပါအမှုများ အနက် အကြမ်းဖက်ခံရသူ (၁၁၀၄)ဦးအတွက် လိုအပ်ချက်ပေါ်မူတည်၍ နိုင်ငံတော်ဘတ်ဂျက်မှ တရားရင်ဆိုင်နိုင်ရေး အတွက် ကျပ်(၄၆.၅)သန်း၊ အသက်မွေးဝမ်းကျောင်းမှုအတွက် ကျပ်(၇၅.၅)သန်း ထောက်ပံ့မှုပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးစီမံချက်များ ရေးဆွဲရာတွင် ထောက်အထားအခြေုပြု စီမံချက်များဖြစ်ရန်လိုအပ်ပါကြောင်း၊ ထို့အတွက် သုတသေန လုပ်ငန်းသည် အရေးကြီးပါကြောင်း၊ ထို့အပြင် ကမ္ဘာ့နိုင်ငံများက မိမိတို့နိုင်ငံအပေါ် အထင်အမြင်မှားမှုများကို    သက်သေအထောက်အထားများဖြင့် ပြန်လည်ရှင်းလင်း ချေပနိုင်မည့် သုတေသနအချက်အလက်များပြုစု ရှာဖွေခြင်းလုပ်ငန်းသည် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ အပေါ်ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတို့ လျော့နည်းပပျောက်ရေးနှင့် ပတ်သက်၍ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) ကော်မတီနှင့် ကမ္ဘာနိုင်ငံအားလုံး၏ လူအခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) အကြံပြုသုံးသပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုပြုလုပ်မည့် သုတေသနလုပ်ငန်းစဉ်မှ ရလဒ်များကို ရှေ့လုပ်ငန်းစဉ်များတွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည့်အတွက် ဆွေးနွေးပွဲတက်ရောက်လာသည့်ကိုယ်စားလှယ်များအနေဖြင့် သုတေသနလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း  တိုက်တွန်း ပြောကြားပါသည်။
    ထို့နောက် ကျား/မ ရေးရာတန်းတူညီမျှရေး ကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ လိင်အကြမ်းဖက်မှု  ကျူးလွန်သူများနှင့်ပတ်သက်၍ ဦးတည်အုပ်စု၊ အကျဉ်းထောင်ရွေးချယ်မှု၊ အကြမ်းဖက်မှု  အမျိုးအစား၊ ကျူးလွန်ခံရသူ၏အသက်အရွယ်၊ ကျူးလွန်ခံရသူနှင့် ကျူးလွန်သူတို့၏ တော်စပ်ပုံ စသည့်အချက်များကိုလည်းကောင်း၊ လိင်အကြမ်းဖက်မှုကျူးလွန်သူ အကျဉ်းသားများအား သုတေသနလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လာစေရန် လုပ်ဆောင်သင့်သည့်အချက်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများကိုလည်းကောင်း၊ သုတေသနလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့်အခက်အခဲနှင့် စိန်ခေါ်မှုများကို လည်းကောင်းဆွေးနွေးကြကြောင်း သိရှိရပါသည်။

FacebookTwitter