ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရောက်ရေးလုပ်ငန်းများ ဆောင်ရွက်

 ဇွန်၊ ၁၆၊ ပုသိမ်
    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ပေးခြင်းနှင့် ရှေးဦးအရွယ်ကလေးများ အတွက် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရန်ထောက်ပံ့ခြင်းများကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆောင်ရွက်ပေးခဲ့ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများ၊ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများကို ထောက်ပံ့ခြင်းအခမ်းအနားသို့တက်ရောက်ပြီး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အကျိုးခံစားရရှိစေနိုင်မည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆောင်ရွက်ပါ ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပဋိသန္ဓေတည်သည်မှစ၍ ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အသက်အရွယ်အလိုက် လူမှုကဏ္ဍများ၌ပါဝင်ခွင့် စသည့်အခွင့်အရေး(၄)ခုကို ရရှိရမှာ ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ်ကို ပြဌာန်းအတည်ပြုပြီးဖြစ်၍ မကြာမီထုတ်ပြန်မှာ ဖြစ်ပါကြောင်း၊ သက်ကြီးဘိုးဘွားများကိုလည်း ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးလျက်ရှိရာ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ငွေကြေး ထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်း များနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ ပေါ်ပေါက်ပြီးဖြစ်ကြောင်း၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး မဟာဗျူဟာစီမံချက်များနှင့် လုပ်ငန်းစဉ်များ ချမှတ်လျက် ရှိပါကြောင်း၊ အဆိုပါကော်မတီများ၌ မသန်စွမ်းအဖွဲ့အစည်းများလည်း ပါဝင် ပါကြောင်း၊ လက်ရှိတွင် မသန်စွမ်းသူများအား ကနဦးထောက်ပံ့ခြင်းများ ဆောင်ရွက်နေပါကြောင်း၊ ပိုမိုစနစ်ကျသော ထောက်ပံ့ခြင်းများ၊ လူမှုကဏ္ဍများ၌ ပါဝင်စွမ်းဆောင်နိုင်ရန် ပံ့ပိုးခြင်းများ ဆောင်ရွက်နိုင်ရန် အမြင်အာရုံမသန်စွမ်းမှု၊ အကြားအာရုံမသန်စွမ်းမှု၊ ကိုယ်ခန္ဓာမသန်စွမ်းမှုနှင့် ဉာဏ်ရည်မသန်စွမ်းများအလိုက် မသန်စွမ်းအဆင့်ခွဲခြားပြီး မသန်စွမ်းမှတ်ပုံတင်များ ရရှိလာမှာ ဖြစ်ကြောင်း၊ မသန်စွမ်းရန်ပုံငွေထူထောင်ပြီး မသန်စွမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ခြင်းကဏ္ဍ၌ ပုံမှန်ဖွံ့ဖြိုးမှုမရှိသော ကလေးသူငယ်များ၏ အခြေအနေများကို စောလျင်စွာသိရှိပြီး တိုင်းထွာစစ်ဆေးလေ့ကျင့် ပြုစုသင်ကြားပေးခြင်းများ ပြုလုပ်ပါက မသန်စွမ်းမှုများကို များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကနဦးစီမံချက်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မွေးစမှ အသက်(၃)နှစ် အရွယ်အထိ ကလေးငယ်များအတွက် နေ့ကလေးထိန်းကျောင်းများ မရှိသေးသော ဒေသများ၌ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ မိခင်ဝိုင်းများတွင် ရှေးဦးအရွယ်ကလေးငယ်များ အတွက် နည်းစနစ်အမှန်ဖြင့် ပြုစုစောင့်ရှောက်ပေးမှာ ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ မသန်စွမ်းများနှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန် ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန် ပြည်သူများ၊လူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာနများက ပူးပေါင်းပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား (၁၄,၉၈၂)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၇၄၉,၄၆၀,၀၀၀)၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်နှင့် လပွတ္တာခရိုင်များအတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း (၁၈,၅၄၈)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၅၆,၄၄၀,၀၀၀)၊ ပုသိမ်မြို့ ရပ်ကွက် (၈)၊ ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက်နှင့် ရွှေဘိုရပ်ကွက်၊ ကျောင်းကုန်းမြို့၊ အိုးဖိုကျေးရွာနှင့် စစ်ကိုင်းထောင့် ရပ်ကွက်များအတွက် မိခင်ဝိုင်းတစ်ဝိုင်းစီ ဖွင့်လှစ်ရန် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၅၀,၀၀၀)နှင့် မသန်စွမ်းကလေးငယ်တစ်ဦးအတွက် ဝှီးချဲတို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။
    ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ဧရာဝတီတိုင်း ဒေသကြီးတွင် ထိခိုက်လွယ်သောအုပ်စုသည် တိုင်းဒေသကြီးလူဦးရေ၏ ၄၇% ခန့်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသည့် ဝန်ဆောင်မှုများတွင် အများနည်းတူခံစားရရှိရန် လိုအပ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် သင်္ဂဟ ကျား/မ ရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည် ကျား/မရေးရာအမြင်ဖွင့် သင်တန်းအား သွားရောက်ပြီး အမှာစကားပြောကြားရာ မြန်မာလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို အမျိုးသမီးများအရေး တက်ကြွစွာလှုပ်ရှားဆောင်ရွက်လျက်ရှိသော အဖွဲ့(၇)ဖွဲ့ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသည် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးခြင်းဖြင့် ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် တစ်ကိုယ်ရည် မိခင်များကို စောင့်ရှောက်ကူညီမှုပေးခြင်းတို့ကို အမျိုးသမီးကော်မတီဝင် အခြားအဖွဲ့ဝင်များနှင့် အတူ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကလေးငယ်များ၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ကုလသမဂ္ဂသဘောတူချက်များအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရ ရှိပါသည်။

FacebookTwitter