UEHRD ကော်မတီ၏ ဒုတိယဥက္ကဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force)များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊ ၂၂.၆.၂၀၁၉
    ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ ဒုတိယဥက္ကဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ UEHRD ကော်မတီဝင်များနှင့် ကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force)များ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့မွန်လွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ UEHRD ကော်မတီ ဒုတိယဥက္ကဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသော ဒေါက်တာ အောင်ထွန်းသက်၊ ညှိနှိုင်းရေးမှူးချုပ်၊ ဦးတိုးအောင်၊ UEHRDကော်မတီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်၊ ဦးကျော်မြိုင်၊ သတင်းနှင့် ဆက်သွယ်ရေး ဒါရိုက်တာ၊ ဦးညီငြိမ်းအေး စီမံခန့်ခွဲမှု အရာရှိချုပ် နှင့် လုပ်ငန်းအဖွဲ့ (Task Force)များမှ အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
    တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက UEHRD ကော်မတီသည် National Movement ဖြစ်သည့်အတွက် ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့က တာဝန်ရှိသူများအပြင် ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂိုလ်များ လုပ်ငန်းရှင်များ ပါဝင်ပါကြောင်း၊ National Movement ဖြစ်သည့်အတွက် အလွှာစုံက ပုဂ္ဂိုလ်များ၏ ပူးပေါင်းပါဝင်မှုမရလျှင် UEHRD စီမံကိန်းသည် မျှော်မှန်းထားသည့် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်မဟုတ်ပါကြောင်း၊ အခုလို အားလုံးကဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးကြသည့် အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက UEHRD ကော်မတီသည် နိုင်ငံတော်၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် စီမံကိန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့်  ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGOနှင့် CSOများ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOsများ အားလုံးအတူတကွ ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော် လျက်ရှိသည့် စီမံကိန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်မှာ ပြည်သူတစ်ရပ်လုံး သာတူညီမျှ ရရှိခံစား နိုင်စေရေး ဦးတည်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး အတွက် ဖြစ်ပါကြောင်း၊ သာတူညီမျှဆိုရာတွင် လိုအပ်ချက်ရှိနေသည့်နေရာများကို ဖြည့်ဆည်းပေးခြင်း၊ နိမ့်ကျမှု ရှိနေသည့် နေရာများကို မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လိုအပ်ချက်ရှိနေသော နေရာများတွင်  ရခိုင်ပြည်နယ် ပါဝင်ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ရေရှည်ပဋိပက္ခကင်းဝေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် လိုအပ်နေသည်ကိုတွေ့ရှိရသည့်အတွက် အစိုးရသစ် စတင်တာဝန်ယူစဉ်ကပင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုဖြင့်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူ့အတွက် အခြေအနေကောင်းများဖန်တီးပေးနိုင်ရေး စဉ်းစား ဆောင်ရွက်ရာမှာ တိုင်းရင်းသားလူမျိုးများ၏ အရေးကိစ္စသည် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသများမှာ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် တွင် ကြုံတွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာပြီး နိုင်ငံတော်အစိုးရကို အကြံဉာဏ် များပေးနိုင်ဖို့ မစ္စတာ ကိုဖီအာနန်ဦးဆောင်သော အကြံပေးကော်မရှင်ကို ဖွဲ့စည်းပြီး ကော်မရှင်၏ အကြံပြုချက်များကို ပြည်သူအတွက် အကောင်းဆုံး ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစွန်းရောက်သူများနှင့် အကြမ်းဖက်သမားများကြောင့် လုပ်ငန်း ဆောင်ရွက်ရာမှာ အခက်အခဲ၊ ပြဿနာများကြုံတွေ့ခဲ့ရပါကြောင်း၊ ပြည်ထောင်စု နိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စု စိတ်ဓါတ်ကို အခြေခံ၍ UEHRD ပြည်ထောင်စုစီမံကိန်းကြီးကို ဖော်ဆောင်ပြီး နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပြည်သူများအားလုံး အားတက်သရော ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့်အတွက် အောင်မြင်မှုများရရှိ လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့် အခက်အခဲများ၊ စိန်ခေါ်မှုများသည် နှစ်ပေါင်း (၇၀) နီးပါး ဖြစ်ပွားပေါ်ပေါက်လာသော ကိစ္စရပ်များဖြစ်သည့် အတွက် ပြောင်းလဲမှုကိုဖော်ဆောင်ရာတွင် ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများစွာ ရှိပါကြောင်း၊  UEHRD ကော်မတီ၏ လုပ်ငန်းအဖွဲ့များမှာပါဝင်ကြသည့် ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ သည် ပြည်သူ့အကျိုးအတွက်ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ဝမ်းမြောက်မိပါ ကြောင်း၊ အာဆီယံမှ ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ဆန်းစစ်လေ့လာမှုများဆောင်ရွက်ပြီး ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အစိုးရဌာနများနှင့် ပါဝင် ပတ်သက်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ သတင်းအချက်အလက် ဖြန့်ဝေပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းဟူသည့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်(၃)ရပ် အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းအဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်လျင် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းကို ကမ္ဘာကသိအောင် ပြသရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး (Socio-Economic Development)၊ လူမှုသဟဇာတဖြစ်ရေး (Social Cohesion)နှင့် တရားဥပဒေစိုးမိုးရေး (Rule of Laws) အတွက် ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြား ခဲ့ပါသည်။
    ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကြည်စိုးက ဆွေးနွေးရာတွင် UMFCCI အနေဖြင့် UEHRD၏လုပ်ငန်းအဖွဲ့များ၊ ရခိုင်ပြည်နယ်ရှိ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်း၊ မောင်တောခရိုင်ရှိ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့နှင့် ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေး ပံ့ပို့းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားပါသည်။
    ဆက်လက်၍ ဦးတိုးအောင်၊ UEHRDကော်မတီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်က ဆွေးနွေးရာတွင် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော UEHRD စီမံကိန်းသည် နိုင်ငံအတွက် အလွန်အရေးကြီးသော စီမံကိန်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ပြစ်တင်မှုများရှိနေသော်လည်း UEHRD ကော်မတီနှင့် လုပ်ငန်းအဖွဲ့များက တက်ညီလက်ညီ လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် အတွက် ယခုထက် ပိုပြီး ဝေဖန်၍ မရပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် ကိုက်ညီသော ရှေ့ဆက်ဆောင်ရွက်ရေးလုပ်ငန်းများကိုဖော်ထုတ် ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ ဆောင်ရွက်မှုများကိုလည်း နိုင်ငံတကာမှ သိရှိအောင် သတင်းအချက်အလက် ဖြန့်ချိနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ National Movement အနေဖြင့် ဆောင်ရွက်ခဲ့သည့် UEHRD စီမံကိန်းကို ယခုထက်ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ယနေ့တွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ယင်းနောက်တွင် UEHRD ကော်မတီ လုပ်ငန်းအဖွဲ့များက မိမိတို့၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြပါသည်။
ထို့နောက်အစီအစဉ်အရ ဒေါက်တာ အောင်ထွန်းသက်၊ ညှိနှိုင်းရေးမှူးချုပ်က ဆွေးနွေးရာ တွင် UEHRD ကော်မတီတွင် နိုင်ငံတကာဖိအားများရှိပါကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ လုပ်ငန်းအဖွဲ့များအတူတကွ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများအကြောင်းဆွေးနွေးပါသည်။
    ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြား ရာတွင် UEHRD ကော်မတီ၏ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်စား UEHRD ကော်မတီ၏ ရည်ရွယ်ချက်၊ လုပ်ငန်းများ ပေါက်မြောက် အောင်မြင်စေရေး ဝိုင်းဝန်း ကူညီပေးခဲ့ကြသည့် လုပ်ငန်းအဖွဲ့များမှာ ပါဝင်ကြသည့် သူများအားလုံးနှင့် ပြည်သူတစ်ရပ်လုံး ကိုကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်ရေးဆွဲပေးစေလိုပါကြောင်း ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter