ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေးတို့ ဖားကန့်ဒေသ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်

နေပြည်တော်၊ ၂၅.၆.၂၀၁၉
    ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေးတို့သည့် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ရေမဆေးကျောက်ရှာဖွေသူများနှင့် ယမန်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသ အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖေါ်ဆောင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် မူဝါဒ၊ အမိန့်ကြေငြာစာ ညွှန်ကြားချက် များထုတ်ပြန်ပြီး ဥပဒေနှင့်အညီဆောင်ရွက်မှုများကို ပူးပေါင်းပါဝင်ပေးကြရန်၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားပြီး အစီအမံများ ရေးဆွဲ လျက်ရှိပါကြောင်း၊ ဆက်လက်၍  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးပြီး မူးယစ်သံသရာမှ လွတ်မြောက်ရန်ကြိုးပမ်းပေးရန်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေချိန်တွင် လောဘကြောင့် အသက် အန္တရာယ်ဖြစ်စေမည့်လုပ်ငန်းမျိုးကို ရွေးချယ်ခြင်းမပြုဘဲ ရှောင်ရှားသင့်ပါကြောင်း၊ သစ်တောကြိုး ဝိုင်းမြေနှင့် ရတနာမြေဆိုသည်မှာ ဥပဒေအရအမြဲတမ်းအခြေချနေထိုင်ခွင့်မရှိပါကြောင်းနှင့် နိုင်ငံတော်က ဥပဒေနှင့်အညီဘေးကင်းလုံခြုံသည့်လုပ်ငန်းခွင်ဖြစ်အောင် ဖေါ်ဆောင် ပေးရန်ကြိုး ပမ်းနေပါကြောင်း၊ အလုပ်သမားများ၊ ဒေသခံများ၊ လုပ်ငန်းရှင်များအားလုံးက ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် အတူတကွ ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်းဖြင့် ပြောကြားပါသည်။
    ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖားကန့်ဒေသထွက် ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် လူသိများပါကြောင်း၊ ရတနာဆိုသည်မှာ ဖြစ်ထွန်းတည်ရှိရန် သက်တမ်းကြာရှည်ပါကြောင်း၊ နိုင်ငံ၏ လိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ရန် ဘဏ္ဍာငွေလိုအပ်ရာ ကျောက်မျက်မှရရှိ သည့် အခွန်ငွေများသည်များစွာ အကျိုးပြုလျက်ရှိပါကြောင်း၊ ဖားကန့်ဒေသသည် နှစ်စဉ်မိုးရေချိန် ၆၀လက်မအထက် ရွာသွန်းလေ့ရှိပြီး သစ်တောများပြုန်းတီးမှုကြောင့် အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်လာသဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြရန်၊ လက်လုပ်လက်စားများအတွက် လုပ်ကွက်များ ခွင့်ပြုပေးမည်ဖြစ်သဖြင့် စနစ်တကျတူးဖေါ်လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် စိတ်စေတနာကောင်းနှင့် ဆောင်ရွက်ပါက အကျိုးပေးလည်း ကောင်းမည်ဖြစ်သဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဖားကန့်ဒေသရှိ လက်ရှိအခြေအနေ၊ တွေ့ကြုံနေရသော အခက်အခဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ ကိုလည်းကောင်း၊ တက်ရောက်လာကြသောသူများက ရတနာမြေကို မိုးတွင်းကာလ(၃)လတာ ရပ်နား ထားမည့်အခြေအနေ၊ ဥရုချောင်းမြေထိန်းနံရံနှင့်နုန်းတားတာများ ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မိုးကောင်း-ဖားကန့်ကားလမ်း ပြင်ဆင်ပေးနိုင်မည့်အခြေအနေနှင့် ပြန်လည်နေရာချ ထားပေးမည့် အစီအမံများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့က ပြန်လည်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေအောင်ကမ္ဘာကျောက်မျက်ကုမ္ပဏီ၊ ရတနာရွှေအိတ်၊ တောက်ပသောကြယ်အလင်း၊ မြန်မာပထမကျောက်မျက်ကုမ္ပဏီတို့က စိုက်ပျိုး ထားသော အကေးရှား(မန်ဂျန်ရှား)ပင်များ ဆန်ခါနွံကန်မပြိုစေရန် ဆောင်ရွက်နေသော လုပ်ငန်း များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter