လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ကုလသမဂ္ဂ မသန်စွမ်းသူများဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့် သက်ဆိုင်သည့် စစ်မှန်သောမသန်စွမ်းအခွင့်အရေး စွမ်းဆောင်ပေးဂုဏ်ပြု ပွဲ

      Inclusive Education ဆိုသည့် လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်သည် အသန်စွမ်း ကလေးငယ်များ၏ အတန်းပညာသင်ကြားမှု အခွင့်အလမ်းကို ပွင့်လမ်းစေကြောင်း၊ မသန်စွမ်း ကျောင်း အသီးသီးက အထူးပညာရေးနှင့် အခြေခံမူလတန်းပညာပြီးမြောက်ခဲ့သည့် ကလေးငယ် များသည် သက်ဆိုင်ရာ အခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးတွင် သန်စွမ်းသော ကလေးများနှင့် ရင်ပေါင်တန်းပြီး သင်ကြားနေကြပြီဖြစ်ကြောင်း၊ ၂၀၀၆ခုနှစ်မှစပြီး မျက်မမြင်ကျောင်းများတွင် မျက်မမြင်သုံး e.mail, Internet များ တပ်ဆင်အသုံးပြုနေပြီ ဖြစ်သကဲ့ သို့  နားမကြားသူများအတွက် မြန်မာလက်သင်္ကေတပြအဘိဓာန်နှင့် မြန်မာလက်င်္ကေတပြဘာသာ စကား အခြေခံစကားပြောစာအုပ်များကိုလည်း ပြုစုထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊ မကြာခင်တွင် မြန်မာ မျက်မမြင်စာရေးသားနည်းလက်စွဲစာအုပ်ကို ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ နောင် တွင်လည်း မသန်စွမ်းမှုဆိုင်ရာ စာအုပ်၊ စာပေများ ပိုမိုထုတ်ဝေဖြန့်ချီနိုင်အောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ဟိုတယ်ဇုံရှိ ကောင်းကင်နန်းတော်ဟိုတယ်၌  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကြီးမှူးကျင်းပသည့် ကုသမဂ္ဂမသန်စွမ်းသူများဆိုင်ရာ သဘောတူညီချက် အကောင်အခထည်ဖော် ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့်သက်ဆိုင်သည့် စစ်မှန်သော မသန်စွမ်းအခွင့်အရေးစွမ်းဆောင် ပေးဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

      ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  နိုင်ငံတော်က မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရန် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်တွင်းမှ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများအပြင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

      အခြေခံမသန်စွမ်းစစ်တမ်းကို ၂၀၀၈ခုနှစ်က မြို့နယ်ပေါင်း ၁၂၀တွင် စစ်တမ်းကောက်ယူခဲ့ ရာ မြန်မာ့လူဦးရေ၏ ၂ဒသမ ၃၂ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် ဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်၊ လှုပ်ရှားသွားလာမှု ရရှိခံစားခွင့်နှင့် လူ့အသိုက်အဝန်းတွင်း တန်းတူရည်တူပါဝင်ခွင့်ရရှိနိုင်ရန် '' အမျိုးသားအဆင့် မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းစီမံချက် ၂၀၁၀- ၂၀၁၂'' ကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

      မိမိတို့နိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံလည်းဖြစ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အတွက် ဘီဝါကို ထောင်စုနှစ်ရှေ့လုပ်ငန်းစဉ်၊ ဘီဝါကို အပေါင်း ငါးလုပ်ငန်းစဉ်၊ ဆာဆီယံအသိုက်အဝန်းအတွင်း မသန်စွမ်းသူများပါဝင်မှုနှင့် မသန်စွမ်းသူများ၏ အခန်းကဏ္ဍမြင့် မားရေးဆိုင်ရာ ဘာလီကြေညာချက်၊ အာဆီယံမသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ်လုပ်ငန်းစဉ် ၂၀၁၁-၂၀၂၀ များကိုလည်း ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းလက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

      မြန်မာနိုင်ငံတစ်ဝန်းရှိကြသည့် မသန်စွမ်းသူများ၏ ပညာရေးအဆင့်အတန်းမြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်းအတတ်ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ရေး၊ ပတ်ဝန်းကျင်အသိုက်အဝန်းအတွင်း ဝင်ဆံ့မှုမြှင့်တင်ရေး၊ စွမ်းဆောင် နိုင်ရည်နှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး၊ လူမှုရေးလိုအပ်ချက်များ ဖြည့်ဆည်းထောက်ပံ့ရေးဆို သည့် ကဏ္ဍကြီး(၆)ရပ်ကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ ၎င်းတို့၏ လူနေမှုဘ၀ ကိုဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း '' မသန်စွမ်းသူများ၏ အခွင့်အရေးများဥပဒေ '' မူကြမ်းကို ရေးဆွဲပြုစုပြီးဖြစ်သည့်အတွက် မကြာခင်တွင် လွှတ်တော်သို့ တင်ပြနိုင်တော့မည်ဖြစ်ကြောင်း။

      ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူညီချက်(UNCRPD)အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာမည့် မိမိတို့မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ ဘဝအရည်အသွေးပိုမိုတိုး တက်အောင် ဆထက်ထမ်းပိုးတိုးပြီး ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အတွက် မြန်မာနိုင်ငံ၏ မြင်သာထင်သာသည့် ကြိုးပမ်းဆောင်ရွက်မှုအပေါ် ချီးကျူးသြဘာ ထောမနာပြုကြသော ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအားလုံး ကို နိုင်ငံတော်အစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

      ဆက်လက်၍ UNESCAPမှ Ms.Aiko Akiyama ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး APCD Foundation မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Akiie Ninomiya နှင့် Nippon Foundation မှ မစ္စတာတိုရှီရှိတို့က ဂုဏ်ပြုအမှာစကားပြောကြားကြသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။

      ယင်းနောက် APCD Foundation မှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ အစီအစဉ်ဒါရိုက်တာ ဦးနေလင်းစိုးတို့ထံ အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ကြပြီး ဂုဏ်ပြုပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

      အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ကုလသမဂ္ဂကော်မရှင်၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် နီပွန်ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် မသန်စွမ်းသူမှုဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

FacebookTwitter