ရွှေတောင်အုပ်စုမှ တည်ဆောက် လှူဒါန်းသည့် ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်

မရမ်းကုန်းမြို့နယ်၊ ဖေဖော်ဝါရီ ၂၂ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်း မသန်စွမ်း သက်ငယ်ကျောင်း၌ ကျင်းပသော ရွှေတောင်အုပ်စုမှ တည်ဆောက် လှူဒါန်းသည့် နှစ်ထပ် RC ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့  တက်ရောက်ပြီး ကမ္ဗည်းမော်ကွန်း ကြေးပြားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ကာ ကျောင်းဆောင်သစ် အတွင်း လှည့်လည် ကြည့်ရှုကြသည်။

      ဆက်လက်၍ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ကျောင်းဆောင်သစ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ်ကို မသန်စွမ်းသက်ငယ် သင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီးထံ လွှဲပြောင်းပေးအပ်သည်။

 

ရွှေတောင်အုပ်စုရွှေတောင်အုပ်စု

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အရေးကိစ္စသည် နိုင်ငံသူ၊ နိုင်ငံသားတိုင်း၏ အရေးကိစ္စ ဖြစ်ပါကြောင်း၊ နိုင်ငံ၏ တိုးတက်မှု၊ ဖွံ့ဖြိုးမှုအားလုံးတွင် မသန်စွမ်းသူများအတွက် အကျိုးကျေးဇူး ပါဝင်မှသာလျှင် စစ်မှန်သည့် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုဟု ခေါ်ဆိုနိုင်မည် ဖြစ်ပါကြောင်း၊ နှစ်ထပ် ကျောင်းဆောင်သစ်နှင့် CCTV Camera System တို့ကို လှူဒါန်းပေးခဲ့သည့် အတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာန ကိုယ်စား ကျေးဇူးဥပကာရ အထူး တင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

    ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် Action Aid International မှ Ms. Irene Caroline OVONJIODIDA  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် နံနက် ၁၁ နာရီတွင် ဗဟန်းမြို့နယ် သံလွင်လမ်း အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဌာန ဧည့်ခန်းမ၌ တွေ့ဆုံ၍ သဘာဝဘေး ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ၊ ကျား/မ တန်းတူ ညီမျှရေး ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အသက်ကယ် အင်္ကျီများနှင့် သဘာဝဘေး ဆိုင်ရာ ပညာပေး စာစောင်များ လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

    ထို့နောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း သက်ကြီး ဆရာဝန်များ ထောက်ကူအဖွဲ့မှ ဖွင့်လှစ်ထားသော တောင်မြင်းပြိုင် ကွင်းလမ်း အမှတ်(၁၄-အေ) ရှိ သက်ကြီး ဆရာဝန်များ အတွက် Day Care Centre နှင့် အလုံမူလတန်းကြိုကျောင်း တို့ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter