အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲရေးအကြို အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၂၀၁၃ -

     အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲရေး အကြိုအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉း၀၀ နာရီတွင် နေပြည်တော် ဟိုတယ်ဇုံရှိ သင်္ဂဟ ဟိုတယ် Grand Ball Room ခန်းမတွင် ကျင်းပသည်။

     အခမ်းအနားသို့ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မြမြ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မွန်မွန်အောင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အမျိုးသား/ အမျိုးသမီး တန်းတူညီမျှ ဖြစ်ရေးကွန်ယက် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

     လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်၍ အမျိုးသား/ အမျိုးသမီး တန်းတူညီမျှ ဖြစ်ရေး ကွန်ယက်အဖွဲ့(GEN)နှင့် ပူးပေါင်းကာ အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ရေးဆွဲလျက် ရှိပါကြောင်း၊ ဥပဒေရေးဆွဲရာတွင် အာဆီယံ နိုင်ငံ(၁၀)နိုင်ငံ အပါအဝင် ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ ဘူတန်၊ သီရိလင်္ကာ၊ နီပေါ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ သြစတြေးလျနိုင်ငံ (၂၀)မှ ဥပဒေများအား နှိုင်းယှဉ် ဥပဒေများ အဖြစ် လေ့လာပြီး မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများတွင် ပါဝင်သော အမျိုးသမီးများ အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှု စစ်တမ်းကို ကောက်ယူမည်ဖြစ်ရာ အဆိုပါ စစ်တမ်း၏ ရလာဒ်များကိုလည်း ဥပဒေ ရေးဆွဲရာတွင် အခြေခံ အချက်အလက်များအဖြစ် ထည့်သွင်း ရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယင်းနောက် AFXB အဖွဲ့မှ စီမံချက် ညွှန်ကြားရေးမှူး Daw Pansy Tun Thein က အမျိုးသား/ အမျိုးသမီး တန်းတူ ညီမျှဖြစ်ရေး ကွန်ယက်အကြောင်း မိတ်ဆက်ကြိုဆို နှုတ်ဆက်စကား ပြောကြားခဲ့သည်။ 

    ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။ 

    အမျိုးသမီးများပေါ် အကြမ်းဖက်မှုကို သက်သေ အထောက်အထားနှင့် တင်ပြခြင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုနှင့် ယဉ်ကျေးမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေများအတွက် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် မူဘောင်များ ခေါင်းစဉ်ဖြင့် တာဝန်ရှိသူများက ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲအား မတ်လ (၂၄) ရက်နေ့ အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။

FacebookTwitter