မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ရက်

၂၂.၆.၂၀၁၈ရက်နေ့၊နံနက်(၀၉း၃၀)နာရီမှ(၁၁း၃၀)နာရီအထိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး စုပေါင်း အစည်းအဝေး ခန်းမ၌ ၂၀၁၈ခုနှစ်၊ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့်မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပပြုလုပ်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ ဆွေးနွေးပြောကြားရာတွင် ၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံသို့ မြန်မာ ကိုယ်စားလှယ်များသည် အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ပါကြောင်း၊  ယင်းညီလာခံကြီးမှ နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းအစီအစဉ် (Plan of Action)များ ရေးဆွဲဆောင်ရွက် သွားရန်ဟူ၍ လုပ်ငန်းစဉ်(၂)ရပ် ချမှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ(ယခင်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ)ကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ (၃)ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအောက်တွင် အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအပါအ၀င် အမျိုး သမီးတက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသော အသင်းအဖွဲ့များပါဝင်ကြောင်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီမှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ ကျင်းပခြင်းသည် ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာဖြစ်ပါကြောင်း၊ ယခုနှစ်ကျင်းပရာတွင် နေပြည်တော် ကောင်စီနယ်မြေအပါအ၀င် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊  နိုင်ငံတော် က အမျိုးသမီးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကြိုးပမ်း ဆောင်ရွက်မှုများနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများမှာ မြန်မာအမျိုးသမီးထုကြီး တစ်ရပ်လုံး တစ်စိတ် တစ်ဝမ်းတည်း စုစည်းညီညွတ်စွာ လှုပ်ရှားဆောင်ရွက်သွားရန်နှင့်  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

         

 

FacebookTwitter