မသန်စွမ်းများ၊အမျိုးသမီးများ၊ကလေးသူငယ်များ၏အခြေခံအခွင့်အရေးများရရှိရေး၊ရပ်တည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ဇွန် ၂၅ရက်

          မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ဖွင့်လှစ်ခြင်းဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဂျပန် နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် Information, Communication & Technology Training Center ဖွင့်လှစ်ခြင်းအခမ်းအနားကို (၂၄.၆.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်း ပပြုလုပ်ရာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအမျိုးသား ကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီး၊ နိပွန်ဖောင်ဒေးရှင်း Executive Director Mr. Yuji Mori  နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကာ အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ထူးခြားသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ ၀န်ကြီးဌာနအနေဖြင့် လူတိုင်းအခြေခံ လူ့အခွင့်အရေး ရရှိရေးနှင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်ဝရေးကို အခြေခံမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိရာ ပဋိသနေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုအချိန်အထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား အထူးအရေးပေး ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အဓိကကျသည့် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ ရှိရမည်ဖြစ်သည့်အတွက် ဥပဒေများရေးဆွဲခြင်းနှင့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူများအတွက် ဥပဒေနှင့် ဒုတိယသမ္မတ(၂) ဥက္ကဌအဖြစ် ဦးဆောင်သည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး မသန်စွမ်းများ၏ ဘ၀ရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မည်သည့်မသန်စွမ်းသူမဆို စွမ်းဆောင်နိုင်ရန်နှင့်  အထောက်အပံ့ရရှိရန် လိုအပ်သည့်အတွက် ICT နည်းပညာဖြင့် လေ့ကျင့်ပေးခြင်း ဖြစ်ပါကြောင်း၊ ICT Center  ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် သဘောတူ လက်မှတ်ထိုးခဲ့ပြီး လုပ်ငန်းစတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် ဇွန်လတွင် လုပ်ငန်းစတင်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း ၊ Center ရေရှည်တည်တံ့ရန်၊ မသန်စွမ်းသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရန်နှင့် ကိုယ်တိုင်ဘ၀ရပ်တည်ရေးအတွက် အစိုးရ၊ ပြည်သူနှင့် လူမှုအဖွဲ့ အစည်းများ၊ အလှူရှင်များ၊ ပုဂလိကလုပ်ငန်းရှင်းများ ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရှေ့ဆက်၍ အာဆီယံနှင့် အာရှဒေသအတွင်း မသန်စွမ်းသူများအတွက် အဆင့်မီသော ICT Training Center   အဖြစ် ရပ်တည်နိုင်ရေး အားထုတ်ကြိုးပမ်းပြီး နိုင်ငံတကာမှ မသန်စွမ်းအရေး ဆောင်ရွက်နေသော မသန်စွမ်းပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်ဖြစ်ပြီး ပြည်သူ လူထုမှလည်း အကြံဥာဏ်များပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့်  ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ နီပွန်ဖောင်ဒေးရှင်းမှ    Executive Director Mr.Yuji Mori မှ ICT Training Center ဆောက်လုပ်လှူဒါန်းရခြင်း၊ ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်သူ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ညွန့်က ICT Training Center ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ICT Training Center ၏ စာရွက်စာတမ်း များကို လွဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည် ပေးအပ်ပါသည်။ ယခုအခါ အဆိုပါ ICT Training Center တွင် မသန်စွမ်းသူများအတွက် ဆရာဖြစ်သင်တန်းကို  သင်တန်းသား (၁၄) ဦးဖြင့် စတင်ဖွင့်လှစ်နေပြီဖြစ်ပါသည်။

          ထို့နောက် H.I.S. Travel Myanmar Co.,Ltd မှ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ် (၆)သိန်း အား လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ ကြခတ်တောရ၀ိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြခတ်တောရပညာရေးနှင့် လူမှုအထောက်အကူပြု ကွန်ယက်တို့မှ ပူးပေါင်းဖွင့်လှစ်သော ရပ်ရွာအခြေပြု အခြေခံနှင့်အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားပြီး ထူးချွှန်ဆုရ သင်တန်းသူ များကို ဂုဏ်ပြုဆုများပေးအပ်ခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသို့ အပ်ချုပ်စက်များလှူဒါန်းသည့် အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွှန်တန်ဆာမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးသို့ရောက်ရှိပြီး ဇမူအေးတောရ  အင်းဝိုင်းဆရာတော် အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ န၀ကမ္မအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ မျက်စိဝေဒနာရှင်များအား ကုသပေးနေမှုကို အားပေး ကြည့်ရှုခဲ့ပါသည်။

          ဆက်လက်၍ ကျောက်တံခါးမြို့နယ် ဖဒိုမြို့သို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ Good Neighbourhood International မှ ဆောက်လုပ်လှူဒါန်းသည့် ဖဒိုမူလတန်းကြိုကျောင်းဖွင့်ပွဲသို့ တက်ရောက်ပြီး ကျောင်းဆောင်သစ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ကမည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး GNI ကိုယ်စား Country Director က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပေးအပ်ခဲ့ရာ ဒုတိယ၀န်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် စေတနာရှင်ပြည်သူလူထုများ၏ လှူဒါန်းငွေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့မှ လက်ခံရယူခဲ့ကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

FacebookTwitter