ဆွာချောင်း ရေလှောင်တမံရေပိုလွှဲကျိုးပဲ့ကာ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသည့် ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ

သြဂုတ် ၂၉ ၊ နေပြည်တော်

         ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စုရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲဘဲနှုတ်သီးကျိုးပဲ့ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ဆွာမြို့နှင့်အနီးဝန်းကျင် ကျေးရွာအုပ်စု(၁၄)စု၊ အိမ်ထောင်စု(၁၂၀၀၀)ကျော်အတွင်း ရေများဝင်ရောက်လျက်ရှိကာ ပြည်သူများကို ဘေးလွတ်ကင်းရာနေရာများသို့ ပြောင်းရွှေခဲ့ရပြီးရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်လည်း ရေကျော်တက်မှုများရှိခဲ့ပါသည်။

         အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည့် ဆွာမြို့သို့ရောက်ရှိခဲ့ပြီး မြို့တွင်းရေကြီးရေလျှံမှုအခြေအနေနှင့် ရန်ကုန်၊ မန္တလေးကားလမ်း ရေကျော်နေမှု အခြေအနေများကို ကြည့်ရှုပြီး အရေးပေါ်အသုံးပြုရန်အတွက် မီးသတ်ဦးစီးဌာနက ဖိုက်ဘာစက်တပ်လှေများ အမြန်ပေးပို့နိုင်ရေး၊ ခေတ္တ ရေဘေးရှောင်စခန်းဖွင့်ထားသည့် စက်ရုံပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး လက်တလော စားနပ်ရိက္ခာဖိုးငွေထောက်ပံ့ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ဘေးလွတ်ရာရွှေ့ပြောင်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည် များနှင့် ပေါင်းစပ် ညှိနှိုင်းချိတ်ဆက်ခြင်းများ ဆာင်ရွက်ပေးခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်အတူလိုက်ပါ၍ ရေတာရှည်မြို့ ရေကြီးရေလျှံမှုအခြေအနေများကို လေ့လာကြည့်ရှုပြီး ၎င်းမှတဆင့် ကေတုမတီမြို့သစ်၊ မြို့မဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေးရှောင်ပြည်သူများ လတ်တလောစားသုံးရန် အတွက် ဆန်ရိက္ခာဖိုးငွေကိုလည်း ထောက်ပံ့ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့မှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေထိန်းသိမ်းသိုလှောင်ထားမှုနှင့် ပတ်ဝန်းကျင်ကျေးရွာများ၏ ရေနစ်မြုပ်မှုအခြေအနေ၊ ရေကြီးရေးလျှံမှုကြောင့် သိုင်းဝ၊ ကွင်းကြီး၊ ကုန်းကြီး၊ ဆွာမင်းလမ်း၊ ရွှေကဇောင်း၊ ငါးကြီးကွေ့၊ ကွမ်းအုံ၊ ဆွာမြောက်ပိုင်း၊ ဒိုးတန်း၊ ၀ဲဒေါက်၊ ညောင်ပင်သာ၊ သပြေတန်း၊ အင်ဒိုင်း၊ ကျွဲရိုင်းပြင်စသည့် ကျေးရွာများထိခိုက်ခံစားရကာ ၎င်းအခြေအနေများကို ရဟတ်ယာဉ်ဖြင့် ကြည့်ရှုလေ့လာပြီး ယနေ့ညနေပိုင်းတွင် ရေများ ပြန်လည်ကျဆင်းလာပြီဟု သိရပါသည်။ ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတားသည် ပိုင်တိုင်အမှတ်(၇)နေရာ၌ မြေကျွံဝင်ပြီး အနည်းငယ် နိမ့်ဆင်းသွားသဖြင့် ယာဉ်များ အန္တရာယ်ကင်းရှင်းစေရန် ကောင်းမွန်သော လမ်းပိုင်းမှ ဖြတ်သန်းနိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပြီး နိမ့်ဆင်းသွားသော အပိုင်းပေါ်တွင် ဘေလီထပ်ပိုး တံတားခင်းပြီး ညတွင်းချင်း အသွားအပြန်(၂)လမ်း မူလအတိုင်းသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter