ဂျာမနီနိုင်ငံလွှတ်တော်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ ဒုတိယဥက္ကဌ ဦးဆောင်သော လွှတ်တော်အမတ်များနှင့်ကိုယ်စားလှယ်အဖွဲ့က ဒုတိယ၀န်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂ ရက်

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်အား ဂျာမနီနိုင်ငံလွှတ်တော်၊   စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ    ဒုတိယဥက္ကဌ

Mr. Uwe Kekeritz ဦးဆောင်သော လွှတ်တော်အမတ်များနှင့်ကိုယ်စားလှယ်အဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

           တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့် ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့်ပတ်သက်သော ကိစ္စရပ်များ၊ ရခိုင် ပြည်နယ်အတွင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတရှိစေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံဘက်မှ ပြန်လည် လက်ခံရန် အဆင်သင့်ဖြစ်မှုအခြေအနေများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးတို့နှင့် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများ၊ ပြန်လည်နေရာချ ထားရေး ဆောင်ရွက်ရာတွင် ၎င်းတို့၏မူလနေရာ (သို့မဟုတ်) မူလနေရာနှင့် အနီးဆုံးနေရာများတွင် ပြန်လည်နေရာချထားနိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) မှ စီမံဆောင်ရွက်ထားရှိမှုများ၊ မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေများ၊ ဂျာမနီနိုင်ငံမှ ပေးအပ် နေသည့် ဖွံ့ဖြိုးမှုအကူအညီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter