ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး (၆၉)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးပိတ်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ၅.၁၀.၂၀၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာ ၁ ရက်မှ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးပိတ်ပွဲ အခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံး ယာယီတာဝန်ခံ ဦးအောင်မျိုးမြင့်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ ပါသည်။

အဆိုပါအစည်းအဝေးကို နိုင်ငံပေါင်း(၁၄၁)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ (၁)ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံတော်အစိုးရ၏ ၂၀၁၆ခုနှစ် တာဝန်ယူချိန်မှစ၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှု၊ အကြမ်းဖက်ဖြစ်စဉ်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း ဒေသနေ အသိုက်အ၀န်းအားလုံးမှ ပဋိပက္ခ၏ နောက်ဆက်တွဲ အကြပ်အတည်းများကြုံတွေ့နေရမှု၊ ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့်ပုံမှန်အခြေအနေ ပြန်လည်ရရှိရေး၊ လူမှုသဟဇာတရရှိစေရေး ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ UEHRD ပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအား အကောင်အထည်ဖော်မှု၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ UNDP -UNHCR တို့နှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ တွင်နေထိုင်ခဲ့ကြောင်း အတည်ပြုပြီးသူများ၊ ၄င်းတို့၏ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ချိန်တွင် လုံခြုံပြီးလူသားဂုဏ်သိက္ခာရှိရှိ ဝင်ရောက်ခွင့်ရစေရန် ပွင့်လင်း မြင်သာစွာနှင့် ကောင်းမွန်သည့် အရင်းခံစိတ်ဓါတ်ဖြင့် ဆောင်ရွက်နေမှု တို့ကို ပြောကြားခဲ့ ပါသည်။

မြန်မာနိုင်ငံအား ပံ့ပိုးကူညီလိုသည့်နိုင်ငံတကာမိတ်ဖက်များ၊ မိတ်ဖက်အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေသည့် ကျယ်ပြန့်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက် ပူးပေါင်းကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၄ ရက်နေ့ ဒေသစံတော်ချိန် (၁၀း၀၀) နာရီ တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများအသင်း ဒုတိယဥက္ကဌ Mr. Gilles Carbonnier နှင့် ဂျီနီဗာမြို့ရှိ ICRC ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ရှည်လျားကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများအသင်းအား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြုပါကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း မြန်မာအစိုးရက ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများတွင် Red Cross Movement အသွင်ဖြင့် ဦးဆောင် ပါဝင်ခဲ့မှုသည် လွန်စွာကာင်းမွန်အကျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ညှိနှိုင်းခြင်း၊ ဆွေးနွေးအဖြေရှာခြင်း၊ လူမှုသဟဇာတဖြစ်မှုကို ထည့်သွင်း စဉ်းစားခြင်း စသည့်မူများနှင့် အညီဆောင်ရွက်နေပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို အကျိုး ခံစားခွင့်ရှိသူများအား ပွင့်လင်းမြင်သာစွာရှင်းပြခြင်း၊ ဒေသခံ လူမှုရေး အဖွဲ့များနှင့် ပူးပေါင်းဆာင်ရွက်ခြင်းဖြင့် ရလဒ်များ ပိုမိုကောင်းမွန်နိုင်သည်ကို အသိပေးလိုကြောင်း ဆွေးနွေးခဲ့ ပါသည်။

ICRC ဒုတိယဥက္ကဌက ICRC ၏ လူသားချင်းစာနာမှု အကူအညီပေးရေးမူများနှင့်အညီ ပူးပေါင်းဆောင်ရွက်ရသည်ကို ဂုဏ်ယူပါကြောင်း၊ ICRC အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုတည်းမဟုတ်ပဲ အခြား ကချင်၊ ရှမ်း ကဲ့သို့သော ဒေသများတွင်လည်း အကူအညီ ပေးလျက်ရှိသလို ဆက်လက်၍လည်းပူးပေါင်းကူညီမည်ဖြစ်ပါကြောင်း၊ အရေးပေါ်အခြေ အနေတွင်ပံ့ပိုးမှုအပြင် ကျန်းမာရေး ၊ရေနှင့်သန့်ရှင်းရေး၊ကောင်းမွန်သည့်အခြေခံလူနေထိုင် မှုအဆင့်အတန်းရှိစေရေးတို့ကို Geneva Convention, Humanitarian Law တို့နှင့်အညီ လူမျိုးဘာသာမခွဲခြားဘဲ လိုအပ်ချက်ရှိသူတိုင်းကို ကူညီနေပါကြောင်း၊ လုပ်ငန်းများပိုမို အောင်မြင်စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ICRC ၏အကူအညီများသည် ဘက်လိုက်မှုမရှိဘဲ လူသားချင်းစာနာမှု မူအရသာ ဆောင်ရွက်လျက်ရှိ သည်ကို ထပ်လောင်းအတည်ပြုလိုပါကြောင်း၊ ဒုက္ခရောက်သူများအား ကူညီမှုအပြင်မူရင်း ဆောင်ရွက်နေသည့် မိုင်းအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကိုလည်း ဆက်လက်အလေး ပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေရှည်အတွက် ပြင်ဆင်သည့် ပံ့ပိုးကူညီမှုများကို ဆက်နွယ်သည့်ဝန်ကြီးဌာနများနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးဆောင်ရွက် နေပါကြောင်း၊ လိုအပ်သလို ပံ့ပိုးကူညီရန်လည်း မေတ္တာရပ်ခံပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး Mr. Antonio Vitorino နှင့်လည်း အောက်တိုဘာ ၄ ရက် ဒေသစံတော်ချိန် (၁၆း၀၀)နာရီတွင် International Office for Migration(IOM) ၌ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများနှင့် ဘေးအန္တရာယ်ကျ ရောက်နိုင်ခြေ ဆန်းစစ်မှုစံပြနမူနာရေးဆွဲရာတွင် ကူညီမှုများကို ကျေးဇူးတင်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဌာနများ ဖွင့်လှစ်နိုင်ရန် ပံ့ပိုးမှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ပိုမိုကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက် နိုင်ရန် စနစ်တကျ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ IOM ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီခွင့်ရသည်ကို ၀မ်းမြောက်ပါ ကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်မှုများအရှိန်မြှင့်တင် ဆောင်ရွက်သွား လိုပါကြောင်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter