ဧရာဝတီတိုင်းဒေသကြီးတွင်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ရှင်းလင်းဆွေးနွေး

ပုသိမ်၊ ၁၄.၉.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံရာ၌ ဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်ထည်ဖော်လျက် ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ရန်ကိစ္စများ၊ ဝန်ကြီးဌာနနှင့် နားလည်မှုသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို ပြည်သူများအကျိုးရှိစွာ ခံစားရရှိစေရေး လိုအပ်သော ညှိနှိုင်းကြီးကြပ်မှုများ၊ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။
    ထို့အပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး မသန်စွမ်းအခွင့်အရေးများဆိုင်ရာကော်မတီတို့ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပူပေါင်းပါဝင်ဆောင်ရွက်ရေး၊ လူငယ်ရေးရာကော်မတီ၏ မဟာဗျူဟာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဘဏ္ဍာငွေ ခွဲဝေရရှိနိုင်ရေး၊ သဘာဝဘေးကြောင့် ပျက်စီးသွားသော ရွာချင်းဆက် ကုန်ထုတ်လမ်း၊ တံတားများ အလျင်အမြန် ပြန်လည်ပြုပြင်တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
     ယင်းနောက် ရေကြည်မြို့နယ်၊ ချောင်းဝကျေးရွာချင်းဆက်တံတား၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်တံတား၊ လေးမျက်နှာမြို့နယ် ကျည်တော်စု-သောင်တန်းကျေးရွာချင်းဆက် တံတားတို့အတွက် တံတားတစ်စင်းလျှင် ငွေကျပ်သိန်း (၅၀)ဖြင့် စုစုပေါင်း ငွေကျပ် သိန်း(၁၅၀)ကို ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က လက်ခံခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး အမျိုး သမီးကော်မတီဝင်များ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ပြည်တွင်း/ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာများ၊ သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးမူဝါဒကို ဝန်ကြီးဌာနများက အကောင်အထည်ဖော်ရာတွင် စွမ်းရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများမှ ကဏ္ဍတစ်ခုဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေချမှတ်ပြီး အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အသက်(၈)နှစ် အထိ ရှေးဦးအရွယ်ကလေးသူငယ်ဟု သတ်မှတ်ထားပြီး ထိုကာလအတွင်း စနစ်တကျ ပြုစု လေ့ကျင့် စောင့်ရှောက်ပေးခြင်းဖြင့် ၎င်းတို့၏ဘဝတစ်လျှောက် သင်ကြားမှု၊ သင်ယူမှုများတွင် အကောင်းဆုံး ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မွေးစမှ အသက်(၃)နှစ်အရွယ် နေ့ကလေးထိန်းကာလသည် အရေးကြီးပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးကာလသည် အသက်(၂)နှစ်အထိ သာဖြစ်၍ စနစ်တကျ ပြုစုစောင့်ရှောက်ရန်လိုကြောင်း၊ ထိုကာလတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်အတွက် အကျိုးအမြတ်သေချာသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း နိုင်ငံတကာသုတေသနရလဒ်များအရ သိရှိနိုင်ကြောင်း၊ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း (Maternal and Child Cash Transfer – MCCT ) အစီအစဉ်ကို ကိုယ်ဝန်ဆောင်မိခင် အာဟာရပညာပေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးပညာပေးနှင့် မိသားစုစီမံကိန်း ပညာပေးခြင်းများဖြင့် ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် ရမည်ဖြစ်သော်လည်း ဘဏ္ဍာငွေ အကန့်အသတ်များကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ပုညှက်မှုအညွှန်းကိန်းများအရ ဦးစားပေးအလိုက်ဆောင်ရွက်ရပါကြောင်း၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် တတိယ(၃)လပတ်မှစ၍ ဧရာဝတီတိုင်းဒေသကြီးတွင် စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနတစ်ခုထဲက ဆောင်ရွက်၍ မရနိုင်သဖြင့် ဆက်စပ်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ၌ အစိုးရက ဦးဆောင်၍ အမျိုးသမီးများနှင့် ကလေးသူငယ်များအရေး တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိကြသည့် အဖွဲ့(၇)ဖွဲ့ ပါဝင်ဖွဲ့စည်းထားသော  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီများလည်း ဖွဲ့စည်းထားပြီးဖြစ်ရာ အဆိုပါကော်မတီ များကလည်း MCCT အစီအစဉ်တွင် ပူးပေါင်းပေးကြရန် တိုက်တွန်းပါကြောင်း၊ ကလေးသူငယ် များကို ပြုစုစောင့်ရှောက်ပေးကြသည့် ပရဟိတဂေဟာများ၊ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေတို့ကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ သတ်မှတ်ပြီး ဖြစ်သော အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်း များနှင့်အညီလည်း ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းနှင့် မိမိတို့နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍကို အားလုံးဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံပေးခြင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သဖြင့် ဝမ်းမြောက်ကြိုဆို ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဌာနဆိုင်ရာများအနေဖြင့် စီမံကိန်း အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ်အောက်ကလေးငယ်များ ငွေကြေးထောက်ပံ့ခြင်း (MCCT)နှင့် ပညာပေး အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်း/ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံများက  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ MCCT အစီအစဉ် အကောင်အထည်ဖော်မည့် ကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ‌မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter