ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မြေပြင် တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေး

၂၇/၂၈၊ ဇူလိုင်၊ နေပြည်တော်
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မြေပြင် တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များဖော်ထုတ်ဆွေးနွေးခြင်းအား (၂၇.၇.၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိစေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့်လည်းကောင်း (၂၈.၇.၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့မှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း Online ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် (၈)ခုတို့မှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၂၄၉)ဦးတို့ Virtual ဖြင့်ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ အတွေ့အကြုံများ ဖလှယ် ဆွေးနွေးဆောင်ရွက်ခဲ့သည်မှာ (၃) ကြိမ်ရှိခဲ့ပြီဖြစ်ပြီး၊ ယခုထပ်မံ၍ လိုအပ်ချက်များကို အသေးစိတ်တင်ပြ ဆွေးနွေးနိုင်ရန် တစ်ရက်လျှင် တိုင်းဒေသကြီး၊ ပြည်နယ်လေးခုနှုန်းဖြင့် နှစ်ရက်ခွဲ၍(၄)ကြိမ်မြောက်နှင့် (၅)ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ရောဂါအပြင် သဘာဝဘေးကိုပါ စတင်ကြုံတွေ့နေရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးတွင် မိမိတို့သက်ဆိုင်ရာဒေသအလိုက် စေတနာ၊ မေတ္တာအခြေခံ၍ ပူးပေါင်းပါဝင်နေကြသည့် ပရဟိတမောင်နှမများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တတိယလှိုင်းတွင် ကြုံတွေ့နေရသည့် မျိုးကွဲ ဗိုင်းရပ်စ်သည်ပိုမိုကူးစက်မှုမြန်ပြီး ပိုမိုပြင်းထန်သဖြင့် ယခင်ကအသက်(၆၀)ကျော်များသာ သေဆုံးမှုများ ရှိခဲ့သော်လည်း ယခုအခါကျန်းမာသန်စွမ်းသူများပင် သေဆုံးမှုများရှိနေပါကြောင်း ကပ်ရောဂါကရှေ့က သွားပြီး မိမိတို့ကနောက်ကလိုက်၍ တုံ့ပြန်ဆောင်ရွက်နေရသလိုမျိုးဖြစ်နေပါကြောင်း၊ တတိယလှိုင်းတွင် ထူးခြားချက်အနေဖြင့် ဆရာဝန်သူနာပြု အင်အားမလုံလောက်မှုများလည်း ကြုံတွေ့နေရပါကြောင်း၊ ထို့အပြင် ကပ်ရောဂါကာလ ကြာရှည်လာသည့်အတွက် ပြည်သူလူထုကျပ်တည်းပြီး အလှူရှင်များ နည်းပါး လာသဖြင့် နိုင်ငံတော်မှပိုမိုပံ့ပိုးသွားရမည်ဖြစ်ပါကြောင်း၊ ယခုတတိယလှိုင်းဖြစ်ပွားသည့်ကာလတွင် အောက်ဆီဂျင်လိုအပ်ချက်ပြဿနာထပ်တိုးရင်ဆိုင်လာရသည့်အတွက် နိုင်ငံတော်မှဝယ်ယူပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ ရောဂါကူးစက်ပျံ့ပွားဖြစ်ပွားသူများပြားသဖြင့် ဆေးရုံ၊ခုတင်မလုံလောက်သဖြင့် အိမ်မှာနေ၍ကုသကြသည်များလည်းရှိပါကြောင်း၊ ထိုသို့ကုသသဖြင့် မိသားစုဝင်များနှင့် ရပ်ရွာတွင်းကူးစက်မှု ပိုမိုမြင့်တက်စေပါကြောင်း၊ ယခုနိုင်ငံတော်မှ ကာကွယ်ဆေးကို အရှိန်အဟုန်ဖြင့် ထိုးနှံရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအသက်အန္တရာယ်နှင့် ကျန်းမာရေးကိုပဓာနမထားပဲ ကပ်ရောဂါဆိုးကြီး တိုက်ဖျက်ရေးကို ဝိုင်းဝန်းကူညီနေကြသူ များအားလေးစားဂုဏ်ယူပါကြောင်း၊  ပြည်သူလူထု၏ ကျန်းမာရေးကိုပါဝင်ကူညီရာမှာ သက်ဆိုင်ရာမြို့နယ် များအလိုက်နိုင်ငံတော်မှ ဖွဲ့စည်းထားသည့်ထိန်းချုပ် တုံ့ပြန်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း၊ အဓိကအားဖြင့် မိမိတို့ဝန်ကြီးဌာနသည် ပရဟိတအဖွဲ့များ လိုအပ်သည့် အကူအညီများရရှိနိုင်ရေး သက်ဆိုင်ရာ ကော်မတီများ၊ ဌာနအဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ၊ ပရဟိတမောင်နှမများရဲ့ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ကြားသိလိုပါ ကြောင်းပြောကြားပါသည်။  
ဆက်လက်၍ ဒုတိယဝန်ကြီးက ပရဟိတလုပ်ငန်းဆိုသည်မှာသာမန်စိတ်ဓာတ် ဖြင့်လုပ်ဆောင်၍ မရပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုကဲ့သို့ခက်ခဲသည့်ကာလတွင် ပါဝင်ကူညီဆောင်ရွက် နေသူများကို လေးစားပါကြောင်းနှင့် တစ်ဦးတစ်ယောက်ကောင်းဆောင်ရွက်၍ မရဘဲပေါင်းစပ် ဆောင်ရွက်နိုင်ရန် အတွက်စေတနာ့ဝန်ထမ်း၊ အဖွဲ့အစည်းများအကြား ကွန်ယက်သဖွယ်ချိတ်ဆက် ဆောင်ရွက်စေလိုပါ ကြောင်း၊ ရာသီတုတ်ကွေးဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသဖြင့် လူအများအပြား ကိုယ်ခံအား ကျဆင်းကြတာများပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် ( Quarantine  စင်တာ၊ Positive စင်တာ၊ လူနာသယ်ပို့၊ ပိုးသတ်ခြင်း၊ သဂြိုလ်ခြင်း) ကိစ္စများအားလုံးတွင် ဝင်ရောက်ဆောင်ရွက်နေကြသည် ကိုသိရှိပါကြောင်း၊ အပြည့်အဝ ယုံကြည်အားကိုး ကျေးဇူးတင်ရှိပါကြောင်း ၊ စေတနာဝန်ထမ်းများအတွက် အကြံပြုလိုသည်မှာ မိမိတို့၏ ကျန်းမာရေးအရေးကြီးပါကြောင်း၊ ကိုယ်တိုင်ကျန်းမာမှ သူတစ်ပါးကို ကူညီနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ အကူအညီပေးသူများကိုယ်တိုင် ကူးစက်မှုများတွေ့ရပါကြောင်း ၊ နိုင်ငံအတွင်း လူသားအားလုံး အသက်ရှင်သန်ရေးအတွက် လူမျိုး၊ ဘာသာ၊ ဝါဒ၊ အသားအရောင် မခွဲခြားဘဲ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ၊ မိမိတို့အနေဖြင့် ပရဟိတအဖွဲ့အစည်းများ ဆွေးနွေးမှုအားလုံးကို နားထောင် မှတ်သား၍အတွေ့အကြုံမျှဝေပြီး ကူညီပံ့ပိုးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်ပြီး နှစ်ရက်တာအစည်းအဝေးများအတွင်း တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်(၈)ခုမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်း ကိုယ်စားလှယ်များက ( ဒေသအလိုက် အောက်ဆီဂျင် ဖြည့်တင်းခြင်း၊ ဝယ်ယူခြင်းကိစ္စများတွင် ကြုံတွေ့နေရသည့် ဝယ်ယူခြင်းဆိုင်ရာ အခက်အခဲ၊ သယ်ယူပို့ဆောင်ခြင်းအတွက် သက်ဆိုင်ရာ၏ ထောက်ခံခွင့်ပြုချက်ဆိုင်ရာ အခက်အခဲ၊ ပိုးတွေ့လူနာ၊ သံသယလူနာများကိုကူညီဆောင်ရွက်ခြင်းနှင့် သေဆုံးလူနာများကို ကိုင်တွယ် ဆောင်ရွက်ရာတွင် ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ မပြည့်စုံခြင်းနှင့်ဝယ်ယူရာတွင်လည်း ခက်ခဲမှုအခြေအနေများ၊ လူနာတင်ယာဉ်များသွားလာရာတွင်လုံခြုံရေးစစ်ဆေးမှုနှင့် ခွင့်ပြုချက်ရရှိနိုင်ရေး၊ Quarantine Center များတွင် ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများနှင့် Quarantine ဝင်ရောက်သူများအတွက် စားသောက် စရိတ်အခက်အခဲများ) နှင့် ဒေသအလိုက်လိုအပ်ချက်များအဖြစ် အချို့မြို့နယ်များတွင် ဆက်သွယ်ရေးလမ်းကြောင်း ယာယီပိတ်ဆို့နေမှုများ၊ အောက်ဆီဂျင်စက်ရုံအား ဒေသခံများ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ရာတွင် ခွင့်ပြုချက်ရရှိနိုင်ရေး၊ စာသင်ကျောင်းများကို Quarantine Center အဖြစ် အသုံးပြုခွင့်ရရှိနိုင်ရေးကိစ္စများ)ကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပါသည်။ 
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက မြေပြင်တွင်လက်တွေ့ဆောင်ရွက်ပြီးကြုံတွေ့နေရ သည့် အခက်အခဲများကို အတွေ့အကြုံမျှဝေဆွေးနွေးပေးကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပရဟိတကိုယ်စားလှယ်များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အချုပ်အားဖြင့် အဓိကလိုအပ်နေကြ သည်မှာ အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ၊ PPE ဝတ်စုံများနှင့် ကျန်းမာရေး အကာအကွယ် သုံးပစ္စည်းများ၊ မြို့နယ်အလိုက်ခွင့်ပြုချက်ထောက်ခံချက်ဆိုင်ရာကိစ္စများနှင့် ဒေသအလိုက် သီးခြားလိုအပ် ချက်များကိုလည်း ကြားသိရပါကြောင်း၊ မူဝါဒအားဖြင့် PPE ကျန်းမာရေး အကာအကွယ်သုံးဝတ်စုံများ၊ စက်သုံးဆီနှင့် စားသောက်စရိတ်များကို ထောက်ပံ့ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီများမှကြီးကြပ်ပြီး မြို့နယ်အလိုက် ထိန်းချုပ်၊တုံ့ပြန်ကော်မတီများက သက်ဆိုင်ရာမြို့နယ်များအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် နိုင်ငံတော်မှ ညွှန်ကြားထားပါကြောင်း၊ ပရဟိတများ၏ လိုအပ်သည့်အထောက်အပံ့၊ လုံခြုံရေး၊ သွားလာရေးနှင့် ခွင့်ပြုချက်ကိစ္စများအတွက် မိမိတို့ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနများဖြင့် သေချာပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ နှစ်ရက်တာဆောင်ရွက်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှု အချက်အလက်များ၊ ဒေသအလိုက်သီးခြားလိုအပ်ချက်များကို မှတ်သားပြီးအစည်းအဝေးတွင် ဆွေးနွေးတင်ပြချက်များ၊ ဆောင်ရွက်ရန်အချက်များကို  မှတ်သားထားပြီး ဆက်လက်တင်ပြ၍ ဝိုင်းဝန်းပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။  
 

FacebookTwitter