ဝန်ထမ်းများ၏ ပြည်သူ့အကျိုး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် အဂတိလိုက်စားမှု ကင်းရှင်းရေး ဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၆ -

      စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်၍ ပြည်သူအားလုံး အခြေခံ အခွင့်အရေး များရရှိရန် ဆောင်ရွက်ရာတွင် တရားမျှတစွာ အကာအကွယ်ပေးသည့် အုပ်ချုပ်မှု စနစ် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးက ပြောကြားသည်။

     နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ အစည်းအဝေးခန်းမ တွင် အောက်တိုဘာ ၆ ရက် နံနက် ၉နာရီက ကျင်းပသည့် ၀န်ထမ်းများ၏ ပြည်သူ့အကျိုး ဖော်ဆောင်ရာတွင် ပိုမိုထိ ရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် အဂတိလိုက်စားမှု ကင်းရှင်းရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားရာတွင် ၀န်ကြီးဌာန အနေဖြင့် ပထမ ရက် ၁၀၀ ကိုကျော်လွန်ခဲ့ပြီး ဒုတိယရက်၁၀၀ ဖြင့် ဆက်လက်၍ လျှောက်လှမ်းရမည့် ခြေလှမ်းအသစ်များရှိကြောင်း၊ အဆိုပါ ခြေလှမ်းသစ်များသည် သွက်လက်မှန်ကန်ဖို့ လိုကြောင်း၊ ထိုသို့ သွက်လက်မှန်ကန်နေရန်အတွက် ယနေ့ပွဲသည် အားဖြည့်သည့် ပွဲတစ်ပွဲ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက် ၁၀၀ တွင်လည်း ၀န်ကြီးဌာန အနေဖြင့် ပြည်သူ့အကျိုးကို တတ်နိုင်သလောက် ဖော်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ဖော်ဆောင်ခဲ့ရာတွင် အဂတိလိုက်စားမှု ကင်းရှင်းရေးသည် မိမိတို့ အစိုးရအဖွဲ့သစ်မှ အမှန်တကယ် ဖော်ဆောင်ရမည့် လုပ်ငန်းဖြစ်နေကြောင်း၊ ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ်ဖြစ်ပေါ်စေရန် မိမိတို့ မလွဲမသွေ ကြိုးစားရမည်ဖြစ်ကြောင်း၊ ထိုသို့ ကြိုးစားရာတွင် ၀န်ထမ်းများသည် ဥပဒေကို လိုက်နာရန် လိုအပ်ကြောင်း၊ ၀န်ထမ်းများသည် မိမိတို့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ လိုက်နာရမည့် စည်းကမ်းများကို မဖောက်ဖျက်ဖို့ လိုအပ်ကြောင်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို မြဲမြံဖို့လိုအပ် ကြောင်း၊ အဆိုပါ အချက် (၃)ချက်အား ၀န်ထမ်းများ ဆောင်ရွက်မည်ဆိုပါက မိမိတို့ တာဝန်ယူ၍ ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် အဂတိလိုက်စားမှု အတော်အတန် ကင်းဝေးသွားမည် ဟု ယူဆကြောင်း၊ မိမိတို့ ဆောင်ရွက်ချက်တိုင်းသည် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်သူများနှင့် နီးစပ်မှုရှိရန်လိုကြောင်း၊ တာဝန်မဲ့ခြင်းသည် အဂတိလိုက်စားခြင်းပင် ဖြစ်ကြောင်း၊ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင်လည်း ပြည်သူပါဝင်ဖို့လို ကြောင်း၊ ပြည်သူပါဝင်ရန်အတွက် မိမိတို့အစိုးရ၊ မိမိတို့ ၀န်ကြီးဌာနကို ပြည်သူ ယုံကြည်ဖို့လိုအပ်ကြောင်း၊ ဆက်လက်၍ ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်နိုင်စေရန် နှင့် အဂတိလိုက်စားမှု ကင်းရှင်းစွာဖြင့်ဆောင်ရွက်နိုင်ရန် အတွက် ယခုဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၏ရလဒ်များသည် ရက်၁၀၀ အလွန်ဆောင်ရွက်ရမည့် ခြေလှမ်းသစ်များတွင် မှန်ကန်ဖြောင့်တန်းသွက် လက်စွာ လျှောက်လှမ်းနိုင်ရန် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

      ဆက်လက်၍ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က Transformation MSWRR: Vision and Action ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် အစိုးရဌာနအတွင်းရှိ ၀န်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်ရှိရန် လိုအပ်ကြောင်း၊ ၀န်ကြီး ဌာနများတွင်လည်း ပြည်သူပူးပေါင်းပါဝင်မှု လိုကြောင်း၊ ထူးချွန်သည့် ပြည်သူ့ဝန်ထမ်းများကို အသိအမှတ်ပြုရန် လိုအပ်သည့်အပြင် ၀န်ထမ်းများ အနေဖြင့် လည်း အလုပ်နှင့်ဘ၀ မျှတရ မည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ တဆင့် တူညီသည့် ခံယူချက်များ ရရှိရန်မျှော် လင့်ကြောင်း ဆွေးနွေးဟောပြောသည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက သိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဒေါက်တာအောင်ထွန်းသက်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

      ဆက်လက်၍ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် က လူ့အဖွဲ့အစည်းနှင့် အနာဂတ်နိုင်ငံ ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူ့အဖွဲ့အစည်းအတွင်း ကောင်းမွန်တိုး တက်၍ အဂတိကင်းရှင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်စေရန် အမူအကျင့်ပြင်ရမည်ဖြစ် ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာစိတ်ဖြင့် အပြန်အလှန်လေးစားမှု ရှိရမည် ဖြစ်ကြောင်း ဟောပြောခဲ့သည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို နေ့လည် ၁း၀၀ နာရီတွင် ဆက်လက်ကျင်းပရာ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးမည့် အုပ်စုများခွဲ၍ ပြည်သူလူထု အကျိုးကို ထိရောက်စွာ ဖော်ဆောင်ရေးနှင့် အဂတိလိုက်စားမှုကင်းရှင်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး အုပ်စုလိုက် တင်ပြချက် များ ပြုစုကြသည်။

      ထို့နောက် ဆွေးနွေးဖော်ထုတ်ချက်များအား ပြန်လည်တင်ပြခြင်း၊ မေးခွန်းများ အပြန်အလှန်မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း ဆောင်ရွက်ကြကာ သဘာပတိက နိဂုံးချုပ် အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

FacebookTwitter