ပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် လူမှုရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ကယ်ဆယ်ရေး ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့ နံနက် (၀၈း၃၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သက်ကြီးရွယ်အို များအတွက် လူမှုရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ (Social Protection for the Aged) အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၅ ဒသမ ၆ သိန်း ၀န်းကျင်ခန့်ရှိသည့် သက်ကြီးရွယ်အိုများသည် လူမှုရေး အထူးကာကွယ် စောင့်ရှောက်ရန် လိုအပ်သော အခြေအနေတွင် ရှိနေပါကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ၄င်းက ၂၀၁၂ ခုနှစ်၊ ဇွန်လက ကျင်းပခဲ့သော ပထမအကြိမ် လူမှုရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ညီလာခံ၌ နိုင်ငံတော် သမ္မတကြီးက ကလေးသူငယ်များ၊ အားနည်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ အတွက် လူမှုအကာအကွယ် ပေးရေးစီမံကိန်း များအပါအ၀င် အလွှာစုံ၊ ကဏ္ဍစုံ၏ လိုအပ်ချက်များကို အခြေခံပြီး မြန်မာ့လူမှု ကာကွယ်စောင့်ရှောက်မှု စနစ် (Myanmar Social Protection System) ကို ဖော်ထုတ်ရေးဆွဲရန် ဖော်ထုတ်ရေးဆွဲရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ၀န်ကြီးဌာနက အသိအမှတ် ပြုထားသော ပထမအဆင့် ဘိုးဘွားရိပ်သာ (၂၉) ခု၊ ဒုတိယအဆင့် ဘိုးဘွားရိပ်သာ (၉)ခု၊ တတိယအဆင့် ဘိုးဘွားရိပ်သာ (၂၃) ခုတို့ကို (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေး နှစ်အတွင်း နိုင်ငံတော်က ထောက်ပံ့ငွေ စုစုပေါင်း ၁၂၄ ဒသမ ၅၂ သန်း ထောက်ပံ့ပေးလျှက် ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဦးတည် ရှေးရှုပြီး လူမှုရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ ၀ိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့်လည်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter

Recent News