လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်‌ တွေ့ဆုံပွဲ

နေပြည်တော်၊ ၂၉.၄.၂၀၁၆ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်(၁၀း၀၀)နာရီက ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်‌တွေ့ဆုံ၍ အဖွင့်‌အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့်‌ ထမ်းဆောင်ရမည့်‌တာဝန်၊ လိုက်နာရမည့်‌စည်းကမ်း၊ စောင့်‌ထိန်းရမည့်‌ ကျင့်‌ဝတ်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်နေရာတစ်နေရာရခြင်း သည် ရာထူးရတာမဟုတ်ဘဲ တာဝန်တစ်ခုရတာသာဖြစ်ကြောင်း၊ မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ မိမိတာဝန်ကို မိမိတို့သိပြီး လိုအပ်ချက်များကို ကိုယ်တိုင်ပြုပြင်ရမှာဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ရိုးသားဖြောင့်‌မတ်စွာ ဆောင်ရွက်ကြရန်နှင့်‌ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲရာတွင်၊ သုံးစွဲသည့်‌ ငွေပမာဏ၏ အကျိုးအားလုံးကို ပြည်သူလူထုထံ အကုန်ရောက်ရှိခံစားရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူလူထုနှင့်‌ တိုက်ရိုက်ထိတွေ့ပြီး ပြည်သူလူထု၏ ခံစားချက်များ၊ အခက်အခဲများကို သိရှိအောင် ဆောင်ရွက်ပြီး လိုအပ်ချက်များကို အချိန်နှင့်‌တပြေးညီ ဖြည့်‌ဆည်းဆောင်ရွက် ပေးရမှာဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြည်သူလူထု၏ အခက်အခဲများကို ‌ဖြေရှင်းပေးနိုင်ရန်အတွက် မိမိတို့၏ စွမ်းဆောင်ရည်မြင့်‌မားရေးကိုလည်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း မှာကြားပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဌာန၏လုပ်ငန်း ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ ကယ်ဆယ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဆွေးနွေး တင်ပြကြပြီး တက်ရောက်လာကြသော အရာထမ်း၊ အမှုထမ်းများမှ ဝန်ထမ်းအိမ်ရာများ လုံလောက်စွာ ချထားပေးနိုင်ရေးတွက် ညှိနှိုင်းဆောင်ရွက်ပေးပါရန် ၊ ၀န်ထမ်းအိမ်ရာများတွင် လိုအပ်လျှက်ရှိသော အကြီးစား ပြင်ဆင်မှုကိစ္စရပ်များ ၊ ၀န်ထမ်းကြို/ပို့ယာဉ်များ လုံခြုံကြံ့ခိုင်မှုရှိရေးနှင့်‌ ပုံမှန်ကြို/ပို့ယာဉ် အချိန်ပို တာဝန် ထမ်းဆောင်မည့်‌ ၀န်ထမ်းများအတွက် ယာဉ်တို့ကို သီးခြားစီအဆင်ပြေ‌အောင် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ တင်ပြခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို နံနက် (၁၁း၁၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

      အဆိုပါ အခမ်းအနားသို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၃၇၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter

Recent News