သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့်စောင့်ရှောက်ရေးလုပ်ငန်း

ရိပ်သာအခြေပြုစောင့်ရှောက်ခြင်း     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် လုပ်ငန်းကြီး(၇)ရပ်ကို ဆောင်ရွက်လျက်ရှိရာ သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအားလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ဘိုးဘွားရိပ် သာများအား အသိအမှတ်ပြုခြင်းနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိ တိုင်းဒေသကြီး/ပြည်နယ်များ၌ အသိအမှတ်ပြုပြီး ရိပ်သာ(၈၅)ခုဖြစ်ပြီး အဆင့်အလိုက် ငွေကြေးထောက်ပံ့ခြင်းနှင့် နည်းပညာပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

အာရှ-ပစိဖိတ်ဒေသ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာညီလာခံ

         မြန်မာနိုင်ငံသည် အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက် ရေးအစီအစဉ်ကို ဆောင်ရွက်လျက် ရှိသဖြင့် ၂၀၁၀ခုနှစ် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပ ပြုလုပ်သော ညီလာခံတွင် Help Age International မှ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ရန် အဆိုပြု တင်ပြခဲ့ပါသည်။ ယင်း တင်ပြချက်အရ ပြည်ထောင်စု ဝန်ကြီးရုံးမှ တဆင့် နိုင်ငံတော် သမ္မတရုံးသို့ အဆင့်ဆင့် တင်ပြခဲ့ရာ နိုင်ငံတော် သမ္မတရုံးမှ ခွင့်ပြုခဲ့သဖြင့် ရန်ကုန်မြို့၊ ဆီဒိုနား ဟိုတယ်တွင် မေလ (၇) ရက်မှ  (၁၂) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံ(၂၈)နိုင်ငံမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက် နေသည့် ကိုယ်စားလှယ် များ၊ ကျွမ်းကျင် ပညာရှင်များ နှင့်သက်ကြီး ရွယ်အို စုစုပေါင်း (၁၂၀)ကျော် တက်ရောက် ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကျင်းပခြင်း

ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၂)ကြိမ်မြောက်ညီလာခံမှ အတည်ပြု ဆုံးဖြတ်ချက် နှင့်  (၃၅) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မရှင်တို့၏  ထောက်ခံချက်များအရ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် ၁၉၉၇ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့တွင် ဆုံးဖြတ် ချက် အမှတ် ၁၉၉၇/၁၈ဖြင့် “International Year of Older Persons: towards a society for all ages” “သက်ရွယ်စုံညီလူ့ဘောင်ဆီသို့” ဟူသောဆောင်ပုဒ်ဖြင့် ၁၉၉၉ ခုနှစ်ကို အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ်နှင့် နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။

ရိပ်သာအခြေပြုသက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း

    မြန်မာနိုင်ငံသည် မိသားစု စုပေါင်း နေထိုင်သည့် စနစ်ကို ရှေးနှစ်ပေါင်း များစွာကတည်းက လိုက်နာ ကျင့်သုံးခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ဘိုးဘွားရိပ်သာ ထူထောင်ပြီး ခိုကိုးရာမဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းကို ၁၉၁၅ခုနှစ်တွင် ပိုးကုန်သည် ဒေါ်ဦးဇွန်းမှ စစ်ကိုင်းမြို့တွင် မင်းကွန်း ဘိုးဘွားရိပ်သာ စတင် တည်ထောင်ပြီး ဆောင်ရွက် ခဲ့ပါသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်သော ဘိုးဘွားရိပ်သာ ပေါင်း (၇၀)ကျော် ရှိပြီး ဘိုးဘွားပေါင်း (၃၀၀၀)ကျော်ကို စောင့်ရှောက် ပေးလျှက် ရှိပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အသိအမှတ် ပြုရန် တင်ပြလာသော ဘိုးဘွား ရိပ်သာများကို စိစစ်၍ အသိအမှတ်ပြုကာ အဆင့်(၃)ဆင့် ခွဲ၍ အောက်ပါအတိုင်း နှစ်စဉ် ထောက်ပံ့ ပေးလျက်ရှိပါသည်။