ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မိတ္ထီလာခရိုင်အတွင်း ရှေးဦးအရွယ်ကလေးပြုစုပျိုးထောင်ရေး၊ဖွံဖြိုးရေးနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာများညှိနှိုင်းဆွေးနွေး

သြဂုတ်၊ ၃ ၊ မိတ္ထီလာ
    မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်း များမှ တာဝန်ရှိသူများ၊ မိဘများ၊ ဌာနဆိုင်ရာများနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ အောင်မင်္ဂလာခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။            အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခရိုင်အဆင့်တာဝန်ရှိ သူများ၊ ကလေးငယ်များ၏ မိဘများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြ ပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရကချမှတ်ထားသော မူဝါဒများကို သက်ဆိုင်ရာကဏ္ဍများ အလိုက် ဝန်ကြီးဌာနအသီးသီးက အကောင်အထည်ဖေါ်ဆောင်ရွက်ကြရကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဦးစီးဌာနများဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားဖြစ်သော အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးတို့ကို ဖေါ်ဆောင်ပေးရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကြာမီက ပြဋ္ဌာန်းခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသစ်တို့တွင်  ပါဝင် ပါကြောင်း၊ ဥပဒေအသစ်သည် ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစား နိုင်ရေး လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ ကလေးသူငယ်များအား လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းများကို ကာကွယ်စောင့်ရှောက်ရန်၊ ပြစ်မှုကျုးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆာင်ရွက်ရန်နှင့် တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်တို့ကို ကလေးသူငယ်အားလုံး တန်းတူညီမျှရရှိစေပြီး ခွဲခြားဆက်ဆံခြင်းမပြုရန်တို့ကို ရည်ရွယ်ရေးဆွဲခဲ့ ခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်တိုင်းသည် အစောင့်အရှောက်ခံခွင်ရရှိရာတွင် မိရင်းဖရင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ အခြေအနေတစ်ရပ်ရပ်ကြောင့် မိရင်းဖရင်းပြုစုစောင့်ရှောက်မှု ဆုံးရှုံး သွားသော သို့မဟုတ် မရရှိသောကလေးသူငယ်များအား မိရင်းဖရင်းကိုယ်စား ဆွေမျိုးသားချင်း များက ပြုစုစောင့်ရှောက်ခြင်း၊ အခြားသူက မိဘအရင်းသဖွယ်ပြုစုစောင့်ရှောက်ခြင်း၊ သင်တန်းကျောင်းအခြေပြု ပြုစုစောင့်ရှောက်ခြင်း၊ ဂေဟာများတွင် ပြုစုစောင့်ရှောက်ခြင်းစသည့် နည်းလမ်များဖြင့် ရင်ခွင်သစ်များစီမံပေးရန်လိုအပ်ကြောင်း၊ မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက် နိုင်ပါက မြန်မာနိုင်ငံသားတစ်ဦးဦးက သတ်မှတ်ချက်များနှင့်အညီ မွေးစားပိုင်ခွင့်ရှိကြောင်း၊ သို့သော် မွေးစားခံရသူ၏ နိုင်ငံသားဖြစ်မှုဆိုင်ရာအခွင့်အရေးများကို တည်ဆဲဥပဒေပြဋ္ဌာန်းချက် များနှင့် အညီသာရရှိစေမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူ၊ ပြည်သားများ၏ အခွင့်အရေးများကို ဖေါ်ဆောင်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများ၊ မိဘများ၊ မိသားစုဝင်များနှင့် ထိန်းသိမ်းစောင့်ရှောက်သူများက ကျယ်ကျယ်ပြန့်ပြန့်လေ့လာရန် အရေးကြီး ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းဥပဒေကို အကောင်အထည်ဖေါ်ရာတွင် လူ့ဘဝစက်ဝန်းအစ ပဋိသန္ဓေတည်စမှ စ၍ အသက်(၈)နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ်ကာလအတွင်း စနစ်တကျပြုစလေ့ကျင့်ပေးခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစွာရရှိပြီး သင်ကြား၊ သင်ယူမှု အခြေခံကောင်းများရရှိသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မွေးစမှ (၃)နှစ်အတွင်း နေ့ကလေးထိန်းကျောင်းများ၊ (၃)နှစ်မှ (၅)နှစ်အထိ မူကြို ကျောင်းများဖြင့် ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လုံလောက်ရန်များစွာလိုအပ်နေသေးကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများရှိ ကြောင်း၊ အဆိုပါကော်မတီများသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခရိုင်၊ မြို့နယ်များအထိ အဆင့်ဆင့်ဖွဲ့စည်းထားရှိကာ ကြီးကြပ်ရန်နှင့် အသိပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲများကို သက်ဆိုင်ရာအစိုးရဌာနများ၊  ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်များ ရှိကြောင်း၊ ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက် ရန်နှင့် ပြုစုပျိုးထောင်ရန်ဝန်ကြီးဌာနက စောင့်ရှောက်ရေးဂေဟာများ၊ သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသလို  ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ ဖွင့်လှစ် စောင့်ရှောက်ပေးနေသော လူမှုအဖွဲ့အစည်းများစွာလည်းရှိကြောင်း၊ ၎င်းအဖွဲ့အစည်းများ အနေဖြင့် ဂေဟာ/ သင်တန်းကျောင်းများတွင် လူမှုဝန်ထမ်းဦးစီးဌာနက ချမှတ်ထားသည့် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရစံချိန်စံညွှန်းများကို လိုက်နာရန်လိုပါကြောင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီရန်ဝန်ကြီးဌာနက ပူးပေါင်းပံ့ပိုး ကူညီမှု များပြုလုပ်ပေးမည်ဖြစ်ပါကြောင်း၊ သို့မှသာ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်း များက မူလတန်းကြိုကျောင်းများ တည်ထောင်လိုပါက လိုက်နာရန်လိုအပ်သည့်အချက်အလက် များလည်း ချမှတ်ထားပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာသင်တန်းများကို လာမည့်ဘဏ္ဍာရေးနှစ်တွင် မြို့နယ်များအထိ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ် လျက်ရှိကြောင်း၊ သင်တန်းတက်ရောက်ရန် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရုံးများတွင်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ (၂၄)နာရီ ဝန်ဆောင်မှု ဖုန်းများကိုလည်းကောင်း ဆက်သွယ် စာရင်း ပေးသွင်း တက်ရောက်နိုင်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
    ထို့နောက် မိတ္ထီလာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး က ကလေးသူငယ်အခွင့်ရေးများအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း၊ မိတ္ထီလာခရိုင်အတွင်း ကလေးသူငယ်မှုခင်းဖြစ်ပွားမှုများတွင် ကူညီစောင့်ရှောက် ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် တက်ရောက်ကြသူများက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းအတွက် သိရှိလို သည်များကို မေးမြန်ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြပါသည်။ ထို့နောက် ကလေး သူငယ်များအား နည်းစနစ်ကျသောအမှိုက်စွန့်ပစ်ခြင်း သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ပြီး အာဟာရ မုန့်များ ပေးဝေခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ရိပ်သာတာဝန်ရှိသူများက မိတ္ထီလာဘိုးဘွားရိပ်သာတည်ထောင်ဖွင့်လှစ်ခြင်းနှင့် သိကောင်းစရာ များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် ဘိုးဘွားများအား ဂါရဝပြုနှုတ်ဆက်၍ ထောက်ပံ့ငွေများ လှူဒါန်းပေးအပ်ခဲ့ပါသည်။
    ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေတ္တာရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ရောက်ရှိကြပြီး ဂေဟာရှိလူငယ်များအား အားပေးစကားပြောကြားခြင်း၊ ကလေးသူငယ် များက ရိုးရာသီချင်းများ၊ ရိုးရာသိုင်းသရုပ်ပြကကွက်များဖြင့် တင်ဆက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ကလေးများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းညှိနှိုင်းပေးခြင်း၊ အာဟာရမုန့်များ ပေးဝေခြင်းနှင့် ကျောင်းသုံးစားအုပ်များကို ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှေ့ဆောင်မျက်မမြင်ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားများအား နှုတ်ဆက်စကားပြောကြားပြီး ကျောင်းသားများက မျက်မမြင်သံစုံတီးဝိုင်းဖြင့် တင်ဆက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ငွေများ ပေးအပ်ခြင်း များ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ညောင်ကိုင်းပရဟိတဂေဟာသို့ ရောက်ရှိပြီး ဂေဟာရှိ တာဝန်ရှိသူများနှင့်အတူ လူငယ်များအား နှုတ်ဆက်အားပေးစကားပြောကြားခြင်း၊ လိုအပ်ချက်များ မေးမြန်ဖြည့်ဆည်းပေးခြင်းနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter