ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Toyo Eiwa Women's College, Japan မှ Mr.Saburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးလူငယ်များအဖွဲ့အားတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၉

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ Toyo Eiwa Women's  College မှ Visiting Professor and Special Advisor For UNHCR ဖြစ်သူ Mr.Suburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးကျောင်းသား/ကျောင်းသူများအဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုမှ တာဝန်ယူ အကောင်အထည် ဖော်ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့် ဥပဒေများ ချမှတ်ပြဌာန်းရေး ဆောင်ရွက်နေမှုများ၊ လူငယ်မူဝါဒများချမှတ်၍ လူငယ်များ၏ အခန်းကဏ္ဍများ ပိုမိုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လူငယ်များ ကိုယ်တိုင် ကိုယ်ကျပါဝင်ဆန္ဒပြုသော လူငယ်မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊  မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့နေရသောအခက်အခဲများ၊ လူငယ် များကြုံတွေ့နေရသော စိန်ခေါ်မှုများကို လူငယ်များ၏အတွေးသစ်၊ အမြင်သစ်များနှင့် စည်းလုံး ညီညွတ်မှုဖြင့် ကျော်လွှားအောင်မြင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊  တရား ဥပဒေ စိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက် နိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန် ပြည်သူများ၏ မြန်မာနိုင်ငံပေါ်ကူညီထောက်ပံ့မှုများနှင့် ဂျပန်နိုင်ငံကအာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားပါသည်။

          ထို့နောက် Mr.Saburo Takizawa က မြန်မာနိုင်ငံသို့ လေ့လာရေးခရီးလာရောက်သည်မှာ (၇)ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့ဂျပန်နိုင်ငံသည် ၂၀၁၁ခုနှစ်တွင် သဘာဝ ဘေးအန္တရာယ် ကြီးကြုံတွေ့ခဲ့ရသဖြင့် ယခုအချိန်ထိ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေရဆဲဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံသည် ကျွန်းနိုင်ငံဖြစ်သဖြင့် ယခင်က ဂျပန်လူမျိုးတစ်မျိုးသာရှိခဲ့သော်လည်း ဖွံ့ဖြိုး တိုးတက်မှုအရ နိုင်ငံတကာမှ နိုင်ငံခြားသားများကျွန်းတိုင်းတွင် ရောက်ရှိနေသဖြင့် မြန်မာနိုင်ငံ ကဲ့သို့ပင် အနာဂတ်တွင် မတူကွဲပြားမှုဆိုင်ရာပြဿနာများဖြေရှင်းရနိုင်သည် ဟုယူဆမိကြောင်း၊ အနာဂတ်လူငယ်များသည် တိုင်းပြည်၏အခက်အခဲများကို ဖြေရှင်းရာတွင် အဓိကအရေးပါ ပါကြောင်းနှင့် မြန်မာနိုင်ငံခရီးစဉ်အတွင်းဒေသအသီသီး၊ အလွှာအသီးသီးမှ လူငယ်များနှင့် တွေ့ဆုံ ၍ အတွေးအမြင်ဗဟုသုတ၊ အတွေ့အကြုံများဖလှယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကြိုးပမ်း သွားမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားပါသည်။

          ဆက်လက်၍ ဂျပန်လူငယ်များနှင့်အဖွဲ့ဝင်များက မေးခွန်းများမေးမြန်းကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ထုတ်လုပ်သည့်လက်မှုပစ္စည်းအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရပါသည်။

          ထို့နောက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် မြန်အောင်မြို့နယ်၊ မြို့ရွှေကျောင်း ပရဟိတမှ ဆရာတော်နှင့် အုပ်ချုပ်သူများခေါင်းဆောင်သော ပရဟိတကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၉၅)ဦး အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသောလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍သိကောင်းစရာများ၊ ဂေဟာ/ သင်တန်းကျောင်း များတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာ စံချိန် စံညွှန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး ပရဟိတကျောင်းသား/ ကျောင်းသူ များနှင့် အုပ်ချုပ်သူများကသိရှိလိုသော မေးခွန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်း အားပေးအပ်ခဲ့ပြီး ပရဟိတကျောင်းမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအကများဖြင့် ဖြေဖျော်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

 

FacebookTwitter