ထားဝယ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်များ၏ မိဘများ၊ ဆရာ၊ဆရာမများ၊ အုပ်ထိန်းသူများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ

ထားဝယ်၊ ၁.၉.၂၀၁၉

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများနှင့် မိခင်ဝိုင်းများရှိကလေးငယ်များ၏ မိဘများ၊ ဆရာ၊ဆရာမများ၊ အုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
    တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လိုအပ်ချက်တစ်ရပ်ဖြစ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရန် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ရှိရန်လိုကြောင်း၊ ထို့အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ်  အသက် (၈) နှစ်အရွယ်အထိ ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုုင်ရာ နည်းလမ်းများဖြင့် ပြုစုလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်း၍ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း၊ မွေးစမှ အသက် (၃)နှစ်အထိ နေ့ကလေးထိန်း အနေဖြင့် ပြုစုစောင့်ရှောက်ခြင်း၊ အသက် (၃) နှစ်မှ (၅) နှစ်အရွယ်အထိ မူလတန်းကြိုအနေဖြင့် ပြုစုလေ့ကျင့် စောင့်ရှောက်ခြင်းများဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် နေ့ကလေးထိန်း ကျောင်းများ၊ မူလတန်းကြိုကျောင်းများကို ဦးစားပေးကဏ္ဍအဆင့်ဆင့်ဖြင့် မျှတအောင်ဖွင့်လှစ်ပေး လျက်ရှိကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်တစ်ပြိုင်တည်း ပြည့်စုံ လုံလောက်အောင် ဖွင့်လှစ်ပေးနိုင်ရန်အကန့်အသတ်များရှိကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆရာဖြစ်သင်တန်းများဖွင့်၍ စနစ်တကျသင်ကြားပေးပြီး ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိူးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသင်တန်းဆင်းများက သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ထို့အပြင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကိုပါ တစ်ပေါင်းတည်း မဖြစ်မနေ ထည့်သွင်းစဉ်းစား အကောင်အထည်ဖေါ်ရန် လိုအပ်ကြောင်း၊ ထို့အတွက်လည်း ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေကို ပြဌာန်းပေးပြီးဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး တွင် မိခင်ဝိုင်းများ၊ ကလေးထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများတွင် သာမက နေအိမ်များတွင် မိဘများ၊ မိသားစုဝင်များကပါ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် အာဟာရအရေးကြီးပုံ၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားခြင်း ရှိ/မရှိ မိမိတို့ကိုယ်တိုင်စောင့်ကြည့်ပြီး သိရှိနိုင်ကြောင်း၊ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိပါက သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အချိန်မီစစ်ဆေးမှုခံယူသင့်ကြောင်း၊ ကလေးငယ်များ၏ဦးနှောက်ဖွံ့ဖြိုးမှု သည် အသက်(၃)နှစ်အတွင်း အကောင်းဆုံးဖြစ်ကြောင်း၊  ဘဝတစ်လျှောက် သင်ကြား၊ သင်ယူမှု  အကောင်းဆုံးရရှိရန် အသက်(၈)နှစ်အတွင်း နည်းစနစ်မှန်စွာဖြင့် လေ့ကျင့်နိုင်မှုအပေါ် မူတည်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ထားဝယ်မြို့နယ်အတွင်း အသစ်ဖွင့်လှစ်မည့် မိခင်ဝိုင်း (၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၁,၈၂၈,၁၀၀)နှင့် ကလေးငယ်များအား အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်း အလေ့အကျင့်ရရှိအောင် သရုပ်ပြလေ့ကျင့်ပေးခြင်းနှင့် ကလေးငယ်များ အား ကစားစရာနှင့် အာဟာရမုန့်များပေးဝေခဲ့ပြီး ရေကြီးရေလျှံမှုတွင် အသုံးပြုနိုင်မည့်   ဖိုက်ဘာစက်လှေ(၅)စီးအတွက်  ငွေကျပ်(၉၇.၅)သိန်းကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter