ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Professor Michelle Kamau နှင့် International Organization for Migration (IOM)အဖွဲ့တို့အား အသီးသီးလက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂.၉.၂၀၁၉

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Professor Michelle Kamau နှင့် International Organization for Migration (IOM), Mission in Myanmar ၏ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အသီးသီး လက်ခံတွေ့ဆုံပါသည်။
    Professor Michelle Kamau နှင့် တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် လူမှုရေးပညာကျွမ်းကျင်သူ တစ်ဦးအနေဖြင့် ကူညီဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိစ္စရပ်များအတွက် ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ International Organization for Migration (IOM) အဖွဲ့နှင့် တွေ့ဆုံရာတွင် လူကုန်ကူးမှုတိုက်ဖျက်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ လူကုန်ကူးခံရသူများအား ကူညီပံ့ပိုးခြင်း၊ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ပူးပေါင်း၍ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် မိသားစု ပြန်လည် ပေါင်းစည်းနိုင်ရေးဆောင်ရွက်နေမှုများ၊ IDPs စခန်းများတွင် လူကုန်ကူးမှုတားဆီး ကာကွယ် တုန့်ပြန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော Standard Operation Procedures (SOP) များပေါ်ထွက်လာရေးဆောင်ရွက်နေမှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် MoU ရေးထိုး ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးရေးဆိုင်ရာကိစ္စရပ်များအတွက် MoU ရေးထိုး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter