အသက် (၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၌ ဝန်ကြီးဌာနအသီးသီးက စိတ်ပါဝင်စားသူများတက်ရောက်

နေပြည်တော်၊ ၁၀-၉-၂၀၁၉

    လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက် (၆)လမှ (၃)နှစ်အရွယ် ကလေးပြုစု သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ သင်တန်း၌ တက်ရောက်သင်ယူလျက်ရှိသည့် ဝန်ကြီးဌာနအသီးသီးက သင်တန်းသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တွေ့ဆုံခဲ့ပါသည်။
    ယနေ့နံနက်ပိုင်းက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၏ နည်းပြများနှင့် သင်တန်းသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ဖွင့်လှစ်ထားသည့် မေမေ့ရင်ခွင် နေ့ကလေးထိန်းဌာနသို့ လာရောက်၍ ဝန်ကြီးဌာနဝန်ထမ်းများ၏ အသက် (၆)လမှ (၃)နှစ်အရွယ် ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုကို လက်တွေ့လေ့လာခဲ့ကြပါသည်။
    နေ့လည်ပိုင်းတွင် အဆိုပါ သင်တန်းနည်းပြများ၊ သင်တန်းသူများကို ပြည်ထောင်စု ဝန်ကြီးက တွေ့ဆုံ၍ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွင်  ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍသည် အရေးကြီးကြောင်း၊ ယခုဖွင့်လှစ်သည့် အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးပြုစုသူများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းတွင် ဝန်ကြီးဌာနအသီးသီးက ကလေးငယ် များအား ပြုစုစောင့်ရှောက်ရန် စိတ်ပါဝင်စားကြ၍ တက်ရောက်ကြသော ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်ကြားမှုသင်ရိုးညွန်းတမ်းနှင့်နည်းလမ်းများသည် အသက်(၆)လမှ (၃)နှစ်အရွယ်ကလေးပြုစုသူများအတွက် နိုင်ငံတကာ သုတေသနရလဒ်များမှ အတည်ပြုထား သော အခြေအမြစ်ခိုင်မာသော၊ စနစ်ကျသော နည်းလမ်းများဖြစ်ကြောင်း၊ စိတ်ပါဝင်စားစွာဖြင့် သင်ယူတက်မြောက်ပြီးပါက သင်တန်းသူများ၏ မိသားစုအတွင်းရှိ ကလေးငယ်များအား ပြုစု ပျိုးထောင်ရာတွင်လည်ကောင်း၊ ပတ်ဝန်းကျင်ရှိ ကလေးမိဘများ၊ ပြုစုစောင့်ရှောက်သူများအား ပြန်လည်အသိပေးမျှဝေရာတွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးဌာနရှိ  ဝန်ထမ်းမိခင်များ၏ ကလေးများအတွက် နေ့ကလေးထိန်းဌာနဖွင့်လှစ်ပြီး ပြန်လည်အသုံးချ သွားနိုင်မည်ဖြစ်ကြောင်း၊ ကလေးငယ်များအား ပြုစုစောင့်ရှောက်ရာတွင် ၎င်းတို့ ဦးနှောက် ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုများ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေခံသဘောသဘာဝကို သိရှိနားလည်အောင် လေ့လာကြရမည် ဖြစ်ကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးသည် အသက်(၂)နှစ်အတွင်းသာဖြစ်၍ အချိန်ကာလ အကန့်အသတ်ရှိပါကြောင်း၊ ထို့အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer – MCCT) အစီအစဉ်ကို မိခင်များ၏ အာဟာရပညာပေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး ပညာပေးနှင့် မိသားစုစီမံကိန်း ပညာပေးခြင်းများနှင့်အတူ တိုင်းဒေသကြီး / ပြည်နယ်များ၏ ပုညှက်မှု အညွှန်းကိန်းများအရ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကလေးကျန်းမာပညာအဖွဲ့တို့ ပူးပေါင်း၍ ကလေး(၃)နှစ်အရွယ်အထိ ပုံမှန်ဖွံ့ဖြိုးမှု ရှိ /မရှိ စိစစ်သိရှိနိုင်ရန် အချက်များကို ရေးသားပြုစုပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရုပ်သံနှင့် အွန်လိုင်းမီဒီယာများမှတစ်ဆင့် မျှဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများနှင့် မိသားစုဝင်များ ကိုယ်တိုင်မိမိတို့ ကလေးများ ပုံမှန်ဖွံ့ဖြိုးမှု ရှိ / မရှိကို ဆန်းစစ်နိုင်ပြီး လိုအပ်ပါက အချိန်မီ ပြုစုကုသမှု ခံယူနိုင်ရန်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက်  ပြဋ္ဌာန်းပြီးဖြစ်သော “ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ” နှင့်           “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ” တို့ကို အသေအချာ လေ့လာကြပြီး ကလေးများ အတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် တာဝန်ယူရန်လည်း တိုက်တွန်း ပါကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
    ယခုဖွင့်လှစ်လျက်ရှိသည့် အသက် (၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ သင်တန်းကို (၂၁) ရက်တာ သင်ကြားမည်ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးက သင်တန်းသူ(၅၆)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter