ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော်၊ ၂၈-၉-၂၀၁၉

    ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှု အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ တုံဂပူရီဟိုတည်၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
    အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံယောဂအသင်းမှ တာဝန်ရှိသူတစ်ဦး တို့က ဖယောင်းတိုင်းမီးထွန်းညှိ၍ ဖွင့်လှစ်ပေးခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်    ယောဂလေ့ကျင့်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု အားကစားတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာလည်း အာရှနှင့် အပြည်ပြည် ဆိုင်ရာ ယောဂအားကစားပြိုင်ပွဲကို ယခုနှစ် ဖေဖော်ဝါရီလ၌ ကျင်းပခဲ့ကြောင်း၊ ယောဂလေ့ကျင့်ခြင်းသည် လူသားတို့၏ ကျန်းမာရေးအပေါ် အထူးကောင်းမွန်သော အကျိုးသက်ရောက်မှုရှိကြောင်းကို နိုင်ငံတကာတွင် သိပ္ပံသုတေသနများ ပြုလုပ်လေ့လာပြီး သက်သေပြထားပြီး ဖြစ်ကြောင်း၊ အသင်း၏ အဓိကရည်ရွယ်ချက်များ အနေဖြင့်လည်း Brotherhood- ညီရင်းအစ်ကို မောင်ရင်းနှစ်မသဖွယ် ရင်နှီးချစ်ကြည်ခြင်း၊ Harmony - ညီညွှတ်မျှတ သဟဇာတဖြစ်ခြင်း၊ Peace - ငြိမ်းချမ်းသာယာခြင်း၊ Creat a positive and effective environment - အပြုသဘောဆောင်သော ထိရောက်သော လူသားအကျိုးပြု လူမှုပတ်ဝန်းကျင် ဖန်တီးခြင်း စသည်တို့ ဖြစ်ထွန်းစေရန် ဖြစ်ကြောင်း လေ့လာသိရှိရကြောင်း၊ ဒါ့အပြင် ယောဂလေ့ကျင့်ခြင်းဟာ စိတ်တည်ငြိမ်အေးချမ်းခြင်းနှင့် ကိုယ်ခန္ဓာ ကျန်းမာလန်းဆန်း၍ သွက်လက်ပေါ့ပါးစေသော ကိုယ်စိတ်နှစ်ပါး အကျိုးဖြစ်ထွန်းစေမည့် ကျင့်စဉ်များဖြစ်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ထားသော ကျန်းမာခြင်း၏ အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် ကိုက်ညီပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာမှာ အနာဂတ်နိုင်ငံတော်အတွက်ပါ မျှော်မှန်းပြီး စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များထွက်ပေါ်လာရေး ကြိုးစားဆောင်ရွက် လျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များထွက်ပေါ်လာရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာ ကလေးသူငယ်များ၏ အခွင့်အရေးများကိုဖော်ဆောင်ခြင်း၊ လူငယ်များအတွက် မူဝါဒများချမှတ်ပြီး မဟာဗျူဟာများရေးဆွဲဆောင်ရွက်ခြင်း၊ မသန်စွမ်းများအတွက် အခွင့်အရေးများ ဖော်ဆောင်ခြင်းနှင့် စွမ်းနိုင်သမျှစွမ်းအောင် ပံ့ပိုးမှုဖြင့်  ဘဝရပ်တည် ဖွံ့ဖြိုးမှုရရှိစေခြင်းနှင့် သက်ကြီးရွယ်အိုများအတွက် အသက်အရွယ်ခွဲခြားမှုမရှိဘဲ စွမ်းအားများ မြှင့်တင်ပေးပြီး ရွှင်လန်းတက်ကြွသော လူမှုအကျိုးပြု သက်ကြီးရွယ်အိုများဘဝကို ဖြတ်သန်းစေခြင်း စသည်ကို မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ယောဂကျင့်စဉ်များသည် အသက်အရွယ်မရွေး လေ့ကျင့်ဆောင်ရွက်နိုင်သဖြင့် မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်း ဆောင်ရွက်ချက်များကို တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ဒါ့အပြင် မိမိတို့ဝန်ကြီးဌာန၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများသည် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲများနှင့် လိုက်လျောညီထွေအောင် ဆောင်ရွက်လျက်ရှိရာ ကြံ့ကြံ့ခံရင်ဆိုင် နိုင်စွမ်းရှိသော လူမှုအသိုင်းအဝိုင်းဖြစ်အောင် ဖော်ဆောင်လျက်ရှိကြောင်း၊ ယခုလို ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထုများကိုယ်တိုင် မိမိနှင့် မိမိတို့ပတ်ဝန်ကျင် လူမှုနေထိုင်မှုပုံစံများ (Life Style and Social Consciousness) ပြောင်းလဲအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Climate Action အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၁၉ ခုနှစ်အတွက်  ဆောင်ပုဒ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်းကြောင့် ယောဂလေ့ကျင့်ခြင်းများဟာ ဒီအပြောင်းအလဲကို ဖော်ဆောင်တဲ့နေရာမှာ ကဏ္ဍတစ်ရပ်အဖြစ်ပါဝင်နိုင်မည်ဖြစ်ကြောင်း၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးလုပ်ငန်းများ၊ ကလေးဘဝမှ သက်ကြီးရွယ်အိုအထိ စွမ်းဆောင်ရည် မြင့်မားအောင် ဆောင်ရွက်နေသောလုပ်ငန်းများတွင် သင်တန်းကျောင်းများ၊ ပြုစုစောင့်ရှောက်ရေးဌာနနှင့် ဂေဟာများတွင် ယောဂကျင့်စဉ်များဖြင့် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ယောဂအသင်းနှင့်  ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပျဉ်းမနားမြို့၊ အစိမ်းရောင်လွင်ပြင်ယောဂကျင့်စဉ်အဖွဲ့က ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခဲ့ပါသည်။ ယင်းနောက် ရန်ကုန်မြို့နှင့် ပျဉ်းမနားမြို့ရှိ ယောဂကျင့်စဉ် အဖွဲ့များက ကျင့်စဉ်သရုပ်ဖော်ပြသမှုများကို တင်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးဒဏ်ခံစားခဲ့ရသောဒေသများရှိ ပြည်သူများအတွက် အသင်းက အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter