သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ ဖော်ဆောင်ရေး သက်ကြီးရွယ်အိုများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ၂၉-၉-၂၀၁၉

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ရုံးတွင်ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖော်ဆောင်ရေး သက်ကြီး ရွယ်အိုများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် သက်ကြီးရွယ်အိုနေပိုင်းစောင့်ရှောက် ရေးဂေဟာကို ဖွင့်လှစ်ထားရှိပြီး သက်ကြီးဘိုးဘွား (၁၀၃)ဦး ကို စောင့်ရှောက်ပေးလျက် ရှိကြောင်း၊ သက်ကြီးရွယ်အို နေပိုင်းစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိလာသော ဘိုဘွားများ သည် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများကို ရရှိ ခံစားကြရမည်ဖြစ်ကြောင်း၊ ဘိုဘွားများသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး လူမှုအသိုင်းအဝိုင်းအသီးသီးမှ လာရောက်ကြသူများဖြစ်ကာ ပျော်ရွှင်စွာ တွေ့ဆုံကြခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် အိုသော်လည်း စွမ်းဆောင်နိုင်မှု အနည်းနှင့်အများ ရှိကြသူများ ဖြစ်ကြကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အသက်အရွယ် ခွဲခြားမှု မပြုပဲ စွမ်းဆောင်နိုင်မှုအခြေအနေအရ ပိုမို စွမ်းဆောင် နိုင်အောင် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အို အချင်းချင်း စွမ်းဆောင်နိုင်မှုအလိုက်စုပေါင်း၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ လူမှုရေး လုပ်ငန်းများ ကို ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ (Older People Self-Help Group - OPSHG) အဖွဲ့များ ဖွဲ့၍ ပြည်နယ်နှင့် တိုင်းအချို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို (၂၀၁၆) ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ပြီး သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် အသက်အရွယ် ခွဲခြားမှုမရှိပဲ စွမ်းဆောင်နိုင်မှုပေါ် မူတည်၍ ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်များကို ဆက်လက်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေး ရန်ဖြစ်ကြောင်း၊လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော သက်ကြီးရွယ်အိုများ ပါဝင်နိုင်မည့် လူ့အသိုင်း အဝိုင်းကို ဖော်ဆောင်ပြီး တက်ကြွပြီး စွမ်းဆောင်နိုင်သော သက်ကြီးရွယ်အိုဘဝကို ခံစားရရှိ စေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ထိုအခွင့်အရေးများကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်လျက်ရှိရာ သက်ကြီးရွယ်အိုများက မိမိတို့အတွက် ဖော်ဆောင်ထားသော အခွင့်အရေးများကို သိရှိပြီး ပူးပေါင်းပါဝင်ကြရန်နှင့် အစိုးရကလည်း ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် သက်ကြီးသူများကိုယ်တိုင် ဦးဆောင်ပြီး မျိုးဆက်သစ်လူငယ်များ၊ လူလတ်ပိုင်းများပါ ပါဝင်၍ ခွဲခြားခြင်းမရှိပဲ အားလုံးပါဝင်သော အချင်းချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ (Inclusive Self-Help Group) များကို အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူမှုအားမာန် အဖွဲ့များအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ လူမှုအားမာန်အဖွဲ့များကို ဖွဲ့စည်းရာတွင် ကျန်းမာရေး ပြုစုစောင့်ရှောက်ရေး၊ အသက်မွေး ဝမ်းကြောင်း၊ လူမှုဝန်ထမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း စသော အခန်းကဏ္ဍများကို အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူမှုအားမာန်အဖွဲ့သည် သက်ကြီးသူချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့ပုံစံထက် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ရပ်ရွာအတွင်းရှိ အခြားသူများအပါအဝင် ထိခိုက်လွယ်သော အုပ်စုများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုကိုယ်တိုင် ဦးဆောင်လုပ်ကိုင်သည့် နည်းစနစ် တစ်ရပ်ကို ပုံဖော်ထားခြင်း ဖြစ်ကြောင်း၊ လူမှုအားမာန်အဖွဲ့များကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (Help Age International) ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိရာ အစိုးရက ဦးဆောင်၍ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေးဥပဒေနှင့်အညီ မူဝါဒများ၊ နည်းဥဒေ၊ လုပ်ထုံးလုပ်နည်းများကို ဆက်လက်ဖော်ဆောင်၍ အားလုံးပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘိုးဘွားများက ဝမ်းသာပီတိစကားများကို တက်ကြွစွာ ပြန်လည်ပြောကြားခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

 

FacebookTwitter