လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်သောအဖွဲ့အား ကြက်ခြေနီလှုပ်ရှားမှုRed Cross Movement (RCM) မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၈.၁၀.၂၀၁၉
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကြက်ခြေနီ လှုပ်ရှားမှု Red Cross Movement (RCM) မှ တာဝန်ရှိသူများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ဥက္ကဌ ဒေါက်တာဒေါ်မြသူ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)မှ Head of Country Office Mr. Joy Singhal နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ RCM အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ၊ ကျန်းမာရေး၊ အသက်မေွး ဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
    အစည်းအဝေးတွင် ဒုတိယဝန်ကြီးဦးစိုးအောင်က မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် Red Cross Movement (RCM)တို့  ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၇)ရက် နေ့တွင် Record of Discussion အား လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို ပူးပေါင်းဆောင်ရွက် ခဲ့သည်မှာ (၂)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိအနေအထားအရ  မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်တွင်း အကူအညီပေးမည့်သူများ အတွက် လုံခြုံရေးကို အထူးအလေးထားစဉ်းစားဆောင်ရွက်နေရခြင်းကို နားလည်ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကြက်ခြေနီလှုပ်ရှားမှု RCM လုပ်ငန်းဆောင်ရွက်မှု များကို အသိအမှတ်ပြုပါကြောင်း၊ နောင်တွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
    ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ဥက္ကဌ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်နှင့် IFRC Head of Country Office တို့မှ အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအစိုးရ နှင့်ညှိနှိုင်း၍ ရခိုင်ပြည်နယ်အတွင်း RCM အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ အဓိက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်သည့် စားနပ်ရိက္ခာဖူလုံမှုနှင့် အသက်မွေး ဝမ်းကြောင်း၊ကျန်းမာရေး၊ အမိုးအကာ၊ ရေနှင့်သန့်ရှင်းရေး၊ မိုင်းအန္တရာယ်အသိပညာပေးရေး၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထု ဖြစ်စေရေးတို့ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန် လျာထားချက်များအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
    ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နပ်စပ်ရေးရာဝန်ကြီးနှင့် တက်ရောက်လာ သည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများကလည်း ကြက်ခြေနီလှုပ်ရှားမှု ပူးပေါင်း ဆောင်ရွက်နိုင်သည့်အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter