ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ပြည်သူလူထုကျယ်ပြန့်စွာ သိရှိရေးနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ အစီအစဉ်တွင် ပါဝင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဇန်နဝါရီ ၁၁ ၊ ရန်ကုန်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်တွင်  ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု (Child Development) နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်ညှိနှိုင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းသို့ သွားရောက်ကြည့်ရှုခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။
    ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်အတူ ရန်ကုန်မြို့ရှိ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန၌ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ခြင်း (MCCT) အစီအစဉ်တွင်  ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု (Child Development) နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကျိုးအတွက်  ကဏ္ဍဍအလိုက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိသလို ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ကလေးဘဝအစ ရက်ပေါင်း(၁၀ဝဝ)ကာလ၏ အရေးပါပုံကို မိဘများက သိရှိ နားလည်ပြီး မိမိတို့ကိုယ်တိုင် လိုက်နာဆောင်ရွက်ရမည်ကို  ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ခြင်းသည် ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍဍတွင် အကောင်းဆုံးရင်းနှီး မြှုပ်နှံမှုဖြစ်သဖြင့် ပြည်သူများကို အစိုးရက ပူးပေါင်းပံ့ပိုးကူညီရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယနေ့ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ ရှိပြီးဖြစ်ကြောင်း၊ ဥပဒေကိုအခြေခံပြီး မဟာဗျူလည်း ဖော်ဆောင်ပြီးဖြစ်ကြောင်း၊  ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း (Early Childhood Care and Development _ ECCD) ကို ဥပဒေများနှင့်အညီ ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ECCD လုပ်ငန်းတွင် ဖွံ့ဖြိုးမှုနှေးကွေးသော ကလေးသူငယ်များအတွက် မိဘများ၊ မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများက ကိုယ်တိုင်သိရှိပြီး ECCD လမ်းကြောင်းပေါ်ကို ရောက်ရှိ သွားစေရန် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးမှုဆိုင်ရာ ဝန်ဆောင်မှု (Early Childhood Intervention – ECI) လုပ်ငန်းပါဝင် ပါကြောင်း၊  လူသားစွမ်းရည် အရင်းအမြစ်ကောင်းများထွက်ပေါ်ရေးအတွက် အကောင်အထည်ဖော်ကြသူများက လုပ်ငန်းကျွမ်းကျင်မှု ရှိရန် အရေးကြီးသကဲ့သို့ မိမိ၏ကျွမ်းကျင်မှုကို အသိအမှတ်ပြုခံရဖို့လည်း လိုအပ်ပါကြောင်း၊ မိမိတို့၏ ကျွမ်းကျင်မှုကို အာမခံပေးနိုင်မည့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ - National Skill Standards Authority (NSSA)တွင် ပါဝင်နိုင်ရေး ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍဍကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မည်မျှဆောင်ရွက် နိုင်ပြီကို ပြန်လည်ဆန်းစစ်ဖို့လည်း လိုပါကြောင်း၊ လက်ရှိတွင် ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍဍအတွက် မိခင်ဝိုင်းများ၊ နေ့ကလေးထိန်းကျောင်းများ၊ မူကြိုကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့၏ဆောင်ရွက်ပေးနိုင်မှုနှင့် အကျိုးခံစားခွင့်ရှိသည့် ကလေးသူငယ်များ၏ ပမာဏသည် မမျှတဘဲရှိနေ ပါကြောင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ သော်လည်း လုံလောက်မှုမရှိသေးပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်ရေး နည်းလမ်းများကို ပြည်သူလူထုက အထူးသဖြင့် မိဘများ၊ မိသားစုဝင်များက သိရှိထားပါက မိမိတို့၏ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူမြန်ဆန်မည် ဖြစ်ပါကြောင်းနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးနိုင်မည့် လက်တွေ့ကျသည့်အစီအစဉ်များကို ဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ပေါင်စပ်ညှိနှိုင်းမည့် လုပ်ငန်းစဉ်များ၊ ECCD သင်တန်းများနှင့် ပတ်သက်၍ National Skill Standards Authority (NSSA) အစီအစဉ်တွင် ပါဝင်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်ကို ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်  Child Development  နှင့်ပတ်သက်၍  ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးစခန်းသို့သွားရောက်ပြီး စခန်း၌ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်၍ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လက်ရှိကာလသည် အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံးအချိန်ဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့ဖူးသည့် ကာလများရှိ မကောင်းသည့် လုပ်ဆောင်မှုများကို မေ့ဖျောက်နိုင်ရမည်ဖြစ်ပြီး ကောင်းသော အတွေ့အကြုံများကို သယ်ဆောင်လာရမည် ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာဖို့အရေးကြီးသလို မိမိတို့၏ စိတ်စွမ်းရည်များကို မြှင့်တင်ကြဖို့လိုပါကြောင်း၊ တစ်ဦးနှင့် တစ်ဦးမေတ္တာထား ဖေးမကူညီကြရန်လိုပါကြောင်း၊ မိမိတို့၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု များအတွက် ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကိုအစိုးရက ပံ့ပိုးကူညီမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့်အားပေးစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ် ဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

 

FacebookTwitter