ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် မသန်စွမ်းသူများပါဝင်မှု မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော်၊ ၃.၃.၂၀၂၀
    ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် မသန်စွမ်းသူများပါဝင်မှု မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဌ(၁) ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်က ဦးစားပေးဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် လူ့အခွင့်အရေး ကိုလည်း အစိုးရကအလေးထားဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တစ်ခုက ကမ္ဘာ့လှည့်ခရီးသွားလာခြင်းလုပ်ငန်းတွင် အဓိကစိတ်ဝင်တစားပါဝင် ဆောင်ရွက်ကြသူ များသည် မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟုဖော်ပြထားကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတွင် မသန်စွမ်းသူများပါဝင်၍ ဝန်ဆောင်မှုပေးနိုင်သကဲ့သို့ မသန်စွမ်းသူ များ လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးထားရန် လိုအပ် ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာစည်းမျဉ်များ ချမှတ်ပြီး အများပြည်သူအဆောက်အအုံနှင့် ဆက်စပ်ပတ်ဝန်းကျင်ကို မသန်စွမ်းသူများ လုံခြုံလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် ပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဈေးဝယ်စင်တာများ၊ ပြတိုက်များ၊ ယဉ်ကျေးမှု ဆိုင်ရာအဆောက်အဦများ၊ ရုပ်ရှင်ရုံများ၊ ပန်းခြံများ၊ အပန်းဖြေအနားယူနိုင်သောနေရာများတွင် လိုအပ်သော ပြင်ဆင်မွန်းမံခြင်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ မသန်စွမ်းသူ များက ဝန်ဆောင်မှုပေးနိုင်ရန်လည်း သက်ဆိုင်ရာလေ့ကျင့်သင်တန်းများဖြင့် စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် (၁၁)သင်း ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊  ပြည်နယ်အဆင့်တာဝန်ခံများ၊ မြန်မာ-နိုင်ငံတကာ ဖက်စပ်ဟိုတယ်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ တွင် မသန်စွမ်းသူများအတွက် အတားအဆီးများဖယ်ရှားနိုင်ရေးနှင့် မသန်စွမ်းသူများ ပါဝင် ဆောင်ရွက်နိုင်မှု မြှင့်တင်ရေးလုပ်ငန်းစဉ်ချမှတ်ခြင်းတို့ကို နိုင်ငံတစ်ဝှမ်းအကောင်အထည်ဖော် နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်သည့် ဟိုတယ်အသီးသီးတွင် မသန်စွမ်းသူများအတွက် “အတားအဆီးကင်း ရေးမျှော်မှန်းလို့ မသန်စွမ်း လူ့အခွင့်အရေးဖော်ဆောင်စို့” ဟူသည့် ဆောင်ပုဒ် နှင့်အညီ Accessible ဖြစ်စေရန်အတွက် Stage များ၊ Wheelchair တက်လမ်းများ အဆင်ပြေချောမွေ့စေရန်နှင့် သန့်စင် ခန်းဝင်သည့်အခါ Wheelchair ဝင်နိုင်ထွက်နိုင်သည့် အကျယ်အဝန်းရှိစေရေးဆောင်ရွက်ရန်၊ မြန်မာ နိုင်ငံရှိ ဟိုတယ်များတွင် မသန်စွမ်းသူများအား အလုပ်အကိုင်ခန့်ထားပေးရန်၊ မသန်စွမ်းသူများ Accessible ဖြစ်စေရန်အတွက် ဟိုတယ်လုပ်ငန်းရှင်များမှ မသန်စွမ်းအသင်းချုပ် နှင့် ချိတ်ဆက်ပြီး ၎င်းတို့၏အတွေ့အကြုံများ၊ အကြံဉာဏ်များရယူဆောင်ရွက်ရန် စသည့်ဆုံးဖြတ်များကို သက်ဆိုင် ရာအဖွဲ့အစည်းများအနေဖြင့် ချိတ်ဆက် ဆောင်ရွက်ထားရှိမှုကို တင်ပြဆွေးနွေးခဲ့ပါသည်။
     ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အလုပ်လုပ် ကိုင်နိုင်စွမ်းရှိသည့် မသန်စွမ်းသူများအတွက် ဟိုတယ်လုပ်ငန်းများ၌ အလုပ်ခန့်ထားလျက်ရှိမှုနှင့် ပိုမိုခန့်ထားနိုင်ရေးစီစဉ်ဆောင်ရွက်မှုများ၊  မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက နေပြည်တော်၊ မြို့မဈေးနှင့် ရေပန်းဥယျာဉ်များတွင် မသန်စွမ်းသူများအတွက် စံနမူနာပြအဖြစ် ဆောင်ရွက်ထားသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံအဆောက် အအုံဆိုင်ရာစည်းမျဉ်များနှင့် အဆောက်အအုံအမျိုးအစားအလိုက် မသန်စွမ်းများအတွက် ဆောင်ရွက်ပေးရမည့်စံနှုန်းများ ထည့်သွင်းထားမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးက ဟိုတယ်လုပ်ငန်းများ၌ မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဖြင့် စီးပွားရေး၊ လူမှုရေးကဏ္ဍ များတွင် အကျိုးအမြတ်များရရှိနိုင်မည့်ကိစ္စများ၊ ဟိုတယ်လုပ်ငန်းများအနေဖြင့် မသန်စွမ်းသူများ၏ သဘောသဘာဝကို သိရှိအောင် လေ့လာဆောင်ရွက်ပေးစေချင်သည့်ကိစ္စနှင့် မသန်စွမ်းသူများအား ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၌ အလုပ်ခန့်ထားရန်လိုအပ်သည့် ချဉ်းကပ်ဆောင်ရွက်မှုများ ကို အသင်းချုပ်အနေဖြင့်သော်လည်းကောင်း၊ မသန်စွမ်းအဖွဲ့အစည်းအသီးသီးမှသော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ပေးရန် အဆင်သင့်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
    ယင်းနောက် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တာဝန်ရှိသူများက ဟိုတယ်လုပ်ငန်းများတွင် မသန်စွမ်းသူများအား အလုပ်ခန့်ထားနိုင်ရေး ဆောင်ရွက်မည့်ကိစ္စများ၊ လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေး (Accessibility) ဆောင်ရွက် ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာစေမည့်ကိစ္စများ၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၏ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက တာဝန်ခံများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက မသန်စွမ်းသူများအား ဟိုတယ်လုပ်ငန်းများတွင် သာမက ဟိုတယ်အသုံးအဆောင်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ခရီးသွားလုပ်ငန်းအတွက် လက်ဆောင်များထုတ်လုပ်ခြင်းစသည့် နယ်ပယ်များတွင် ပါဝင်လုပ်ကိုင်နိုင်ရေး၊ မသန်စွမ်း သက်မွေးပညာကျောင်း တည်ထောင်ပေးနိုင်ရေး၊ မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ခရီးသွားလုပ်ငန်း  ( Barrier Free Tourism ) ကို ခရီးသွားများကို ဆွဲဆောင်နိုင်သည့်နယ်မြေတစ်ခု သတ်မှတ်၍ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်နိုင်ရေး၊ အလုပ်ခန့်အပ်မှုများတွင် ရေရှည်တည်တံ့စေရေး၊ လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေး (Accessibility) အတွက် ဆောင်ရွက်ပေးရာတွင် စံနှုန်း များနှင့်အညီ အမှန်တကယ်အသုံးပြုနိုင်သည့်အနေအထားဖြစ်အောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ရေးတို့ကို အသီးသီးအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မြန်မာနိုင်ငံ မသန်စွမ်း သူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီနှင့် မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းများ၊ ပြည်သူများ အားလုံး ပူးပေါင်း၍  ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပါကြောင်း၊ မသန်စွမ်းသူများ၏ အသံများကို နားထောင်၍ ၎င်းတို့၏ ဆန္ဒများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ မသန်စွမ်း တစ်ဦးချင်းစီ၏ မသန်စွမ်းလူ့အခွင့်အရေးကို ဖော်ဆောင်ပေးခြင်းများသည် အစိုးရကဆောင်ရွက်လျက်ရှိသည် စစ်မှန်သောဒီမိုကရေစီ လမ်းစဉ်ပင်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍတွင် မသန်စွမ်းသူများ၏ပါဝင်မှုမြှင့်တင်ရေးလုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
    မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း (၂၀၂၁)လုံး၊ အခန်းပေါင်း (၈၁၂၁၂) ခန်းနှင့် ဝန်ထမ်းအရေအတွက် ( ၈၆၄၀၆ ) ဦးအနက် မသန်စွမ်းသူများအား ခန့်ထားမှုမှာ (၅၁) ဦးသာရှိသေးကြောင်း သတင်းရရှိပါသည်။

FacebookTwitter