ဒုတိယဝန်ကြီး ဦးစိုးအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

အခမ်းအနား ကျင်းပ
မတ်လ ၇၊ နေပြည်တော်
    ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ မူလ တန်းကြိုကျောင်းများမှ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ  ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တတ်ရောက်ခဲ့ပါသည်။
    အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီး  ဌာနသည် တိုင်းပြည်အနာဂတ်ဖြစ်သည့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးနေ သည့်ဌာန တစ်ခုဖြစ်သည့်အညီ ကလေးငယ်များအတွက် ဉာဏ၊ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ စဉ်ဆက်မပြတ်ရရှိစေဖို့ ဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးဖွားလာသောကလေး ၂နှစ်သားအထိ MCCT ငွေကြေးထောက်ပံ့ ပေးသည့် အစီအစဉ်များ ကိုဆောင်ရွက်နေပြီး အဆိုပါ ငွေကြေးထောက်ပံ့ပေးသည့် အစီအစဉ်သည် အာဟာရပြည့်ဝစွာ ရရှိစေရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိသားစုစီမံကိန်းများအတွက် အထောက်အကူပြုပေးမည် ဖြစ်ပါကြောင်း၊ မူလတန်း ကြိုကျောင်းများတွင် အာဟာရကျွေးမွေးမှုအတွက် နိုင်ငံတော်ကတိုးမြှင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဖြည့်စွက်စာ/အာဟာရများ ကျွေးမွေးမှုကို ကျွမ်းကျင်သူ များနှင့် ဆွေးနွေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းပြောကြား ခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးက မူကြိုကျောင်းများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် ဘာသာ ရပ်ဆိုင်ရာ ကိစ္စရပ်များအားလေ့လာ ဆည်းပူးနေရန် လိုအပ်ပြီး လက်ရှိ သင်ရိုးညွှန်းတမ်း များနှင့်သာရပ်တန့်မနေဘဲ ခေတ်နှင့်အညီပြုပြင်ရေး သုတေသနပြုကြိုးစားရန်လိုအပ်သည့် အပြင် ကလေးသူငယ်များနှင့်ပတ်သက်သည့် အသစ်သစ်သော အကြောင်းအရာ/ဘာသာရပ် များကို အနည်းဆုံးတစ်နေ့လျှင်  မိနစ် (၃၀) (သို့မဟုတ်) (၁) နာရီလောက်ဖြစ်ဖြစ် လေ့လာ ဆည်းပူးစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာ စာတမ်းငယ်များကိုလည်း ပြုလုပ်စေချင် ပါကြောင်း၊ နိုင်ငံတော်ကလည်း ကလေးသူငယ်များအတွက် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများနှင့် ပတ်သက်၍ ပြည်သူများကလည်း စိတ်ဝင်တစားရှိကြသည့် အတွက် စနစ်တကျ စီမံခန့်ခွဲစေလိုပါကြောင်း၊ မူလတန်းကြိုကျောင်းများတွင် ဆရာမများ လုံလောက်မှုမရှိသည့်အတွက် လတ်တလောဖြေရှင်းခြင်းအဖြစ် နေ့စားလပေး/ လုပ်အားပေး အဖြစ် ခန့်အပ်နိုင်ရေးဆောင်ရွက်ရန်လုပ်ထုံးနှင့် အညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများအတွက်လက်ငင်းအပြင် ကာလရှည်/တို ဖြေရှင်းနည်း များဖြင့်စနစ်တကျစဉ်းစားရန် လိုအပ်ပါကြောင်း၊ ကျောင်းအလိုက် (Infrastructure) လိုအပ်ချက်များကို ဆရာမများက တင်ပြရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးက မူလတန်းကြိုကျောင်းမှ ဆရာမများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန့်ကြားချက်များကို သိရှိလိုက်နာနိုင်စေရေး လေ့လာရမည် ဖြစ်ပါ ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကိုလည်း ခေတ် နှင့်အညီ လျော်ညီအောင် ပြင်ဆင်သတ်မှတ်လျက် ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများ တွင် အနည်းဆုံး (၂)ပတ်/(၁)လ တစ်ကြိမ် ဝန်ထမ်းရေးရာ အစည်းအဝေးပွဲများကို ပြုလုပ်ရမည်ဖြစ်ပြီး ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲများကိုလည်း ပြုလုပ်ပြီး၊    ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကြုံတွေ့နေရသည့်အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများနှင့် ရုံးချုပ်သို့တင်ပြရမည် ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းများတွင် ဆရာမ များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ (အဆောက်အဦ/ ပတ်ဝန်းကျင် ဖွဲ့စည်းမှုပုံစံများ)၊ ငွေကြေး (ဘတ်ဂျက်)၊ သင်ရိုးညွှန်းတမ်း၊ စိတ်ပိုင်း/ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှုများနှင့် ပတ်သက်၍လေ့လာသိရှိထားရမည် ဖြစ်ပါကြောင်း၊ မိဘများက ဆရာမများထံသို့ ကလေးသူငယ်များကို တစ်နေကုန်အပ်နှံထားရသည့်အတွက် ဆရာမများ အနေဖြင့်သေသေချာချာ ပြုစုစောင့်ရှောက်ပေးကြရန် လိုပါကြောင်း၊ ကလေးငယ် များကိုသင်ကြားရာတွင်  ကောင်းမွန်သောအတုယူနိုင်စေရေးအတွက် သင်ကြားပြသပေး ရမည်ဖြစ်သလို အချင်းချင်းချစ်ခင်လေးစားမှုရှိစေရေးနှင့် ယဉ်ကျေးသည့်စကားအသုံး အနှုန်းများဖြင့် ပြောဆိုဆက်ဆံတတ်စေရေး သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှတဆင့်သာယာနာပျော်ဖွယ် ကောင်းသည့်ကလေးသီချင်း တေးကဗျာများကိုလည်း ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ဆရာမများသည် ကလေးများ၏ စံနမူနာပြဖြစ်သည်နှင့်အညီ မိမိတို့၏ ဝတ်စားဆင်ယင်မှု၊ ပြောဆိုမှုအပြုအမူများကို ကလေးများ အတုယူမမှားစေဖို့ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ဖို့ အရေးကြီးကြောင်း၊ မူလတန်းကြိုကျောင်းများတွင် အလွဲသုံးမှုမခံရ အောင် ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပေးဖို့ အရေးကြီးကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ရူပါမြက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်အလက်များအား အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာခဲ့သည့် မူလတန်းကြိုကျောင်းများမှ ဆရာမများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အကြံပြုဆွေးနွေးခဲ့ ပါသည်။
    အခမ်းအနားတွင် ဤဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း (၅)ကျောင်းမှ ဆရာမများ၊ ဝန်ထမ်းများ တတ်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

 

FacebookTwitter