လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် အား Myanmar Blue Sky Rescue Development Council အဖွဲ့နှင့် UNICEF အဖွဲ့တို့ သီးခြားစီလာရောက်တွေ့ဆုံ


နေပြည်တော်၊ ၁၃.၃.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့ နေ့လယ်ပိုင်းက Myanmar Blue Sky Rescue Development Council အဖွဲ့အစည်းနှင့်တွေ့ဆုံရာတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေငြာထားသည့် COVID-19 ရောဂါနှင့်စပ်လျဉ်းသော အသိပေးခြင်းဆိုင်ရာ လက်ကမ်း စာစောင်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအောက်ရှိ မူကြိုကျောင်းများ၊ ကိုယ်ထူကိုယ်ထ မူကြိုကျောင်းများနှင့် မိခင်ဝိုင်းများသို့ ဖြန့်ဝေပေးနိုင်ရေး အတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပုံနှိပ်ထုတ်ဝေရေး ဆောင်ရွက်သွားနိုင်မည့်အခြေအနေနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ UNICEF မှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် မသန်စွမ်းသူများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရသင့်ရထိုက်သောအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ မသန်စွမ်းမှုမှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း ဆိုင်ရာလုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များနှင့် မသန်စွမ်းအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများအား လူမှုရေးဆိုင်ရာဝန်ဆောင်မှုများနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်နေ မှုများ၊ မသန်စွမ်းသူများ၊ မသန်စွမ်းကလေးငယ်များ၏ အခွင့်အရေးအပြည့်အဝရရှိရေးအတွက် ရေးဆွဲဆောင်ရွက်မည့် မဟာဗျူဟာစီမံကိန်းနှင့်ပတ်သက်၍ အာဆီယံအဆင့်ချမှတ်ထားသော မဟာဗျူဟာ ASEAN Enabling Masterplan နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ရာတွင် လိုအပ်သောနည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် UNICEF နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter