ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အသွားအလာကန့်သတ်ခြင်း (Quarantine) နေရာများတွင် အသိပညာပေးခြင်းနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေး

ဧပြီလ၊ ၄ ၊ ၂၀၂၀၊ နေပြည်တော်

          Corona virus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နေပြည်တော် ကောင်စီ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်း ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင် ထားရှိပြီးအသွားအလာကန့်သတ် ခြင်း (Community Based Facility Quarantine) ဆောင်ရွက်ပေးနေသည့် နေရာများ၌ အသိပညာပေး ခြင်းနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်း ဆွေးနွေေခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးသည် အချိန်နာရီ ၊ နေ့ရက် ရွှေ့ဆိုင်း၍ မရသော လုပ်ငန်းဖြစ်ကြောင်း၊ လုပ်ငန်းများအချိန်မီလည်ပတ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရန် လူအင်အားအနည်းဆုံးဖြင့် အထိရောက်ဆုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယနေ့ ညှိနှိုင်းခြင်းကိုလည်း မိမိတို့နေအိမ်များမှနေ၍ အိုင်တီနည်းပညာအသုံးပြုပြီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသွားအလာကန့်သတ်ခြင်း (Quarantine) ခံရသူများအတွက် မည့်သည့်အတွက်ကြောင့် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရသည်ကို ကောင်းစွာနားလည် သဘောပေါက်စေရန် အသိပညာပေးရန်လိုအပ်ပါကြောင်း၊ COVID -19 ရောဂါ ပိုးသည် လူ့ခန္ဓာကိုယ်ပေါ်မှတစ်ဆင့် အခြားသူနှင့် ထိတွေ့ပြီးကူးစက်ခြင်းဖြစ်ရာ အသွားအလာ ကန့်သတ်ခြင်းအားဖြင့် ထိတွေမှုများကိုကန့်သတ်နိုင်ပြီး ကူးစက်မှုများကို ထိန်းချုပ်နိုင်မည် ဖြစ်သည်ကို အများစု သဘောပေါက်နားလည်စေနိုင်သောစကားဖြင့် ပညာပေးရန်လိုအပ်ပါကြောင်း၊ ရောဂါပိုးကူးစက်ခံရနိုင်ခြေရှိသည်ဟု ယူဆထား၍ အသွားအလာကန့်သတ်ခြင်းဖြစ်ရာ မိမိ မိသားစု နှင့် မိမိ ရပ်ကွက်၊ ကျေးရွာအတွင်း ရောဂါ ပြန့်ပွားမှု မရှိစေရန် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ဆိုးရွားစွာ ပြန့်နှံ့နေသော ကပ်ရောဂါကို မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်း ပြန့်ပွားမှုမရှိအောင် မိမိက ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ဂုဏ်ယူရန်ဖြစ်ကြောင်း၊ COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဗဟုသုတများကို မှန်ကန်စွာသိရှိ နားလည်သဘောပေါက်ပြီး  စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ (၁၄) ရက် (Quarantine) ကာလ ပြီးမြောက်ပါက ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများ၏  ထုတ်ပြန်ညွှန်ကြားချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရောဂါပိုးကူးစက်ခံရခြင်း ဘေးမှ ကင်းလွတ်မည်ဖြစ်ကြောင်း ပညာပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသိပညာပေးမည့် စာသားများပြုစုပြီး Corona virus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူကာ အသံသွင်းခြင်း၊ ဗီနိုင်းများ စိုက်ထူခြင်းကို ဆက်လက်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထိုသို့ ပညာပေးဆောင်ရွက်ရန် စေတနာလုပ်အားရှင်( Volunteer) များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူရန် စီစဉ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ကြမည့်သူများကိုလည်း သိရှိပူးပေါင်း လိုက်နာ ရမည့်အချက်များကို စနစ်တကျ ဆွေးနွေးလေ့ကျင့် ပေးရမည်ဖြစ်ကြောင်းနှင့်  မိမိတို့ဝန်ကြီးဌာနက ပြုစုထားသော စေတနာဝန်ထမ်းများစာရင်းကို မြို့နယ်များအလိုက် ပြန်လည်စိစစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်က တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဆင့်၌ ဖွဲ့စည်းထားသော COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ခွဲများသို့ လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများက COVID-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရေးအတွက် အလွယ်တကူ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက အသွားအလာကန့်သတ်ခြင်း (Quarantine) ခံရသူများအတွက် ပညာပေးခြင်းဆောင်ရွက်မည့် စာသားပြုစုခြင်း၊ အတည်ပြုခြင်း နှင့် လူအင်အားများစွာအသုံးမပြုရဘဲ ပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်  အသံသွင်း၍ လက်ကိုင်အသံချဲ့စက် သို့မဟုတ် အသံချဲ့စက်များဖြင့် Quarantine ဆောင်ရွက်သည့် နေရာများ၌ ထပ်ခါထပ်ခါ အသံထုတ်လွှင့်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊  အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကိစ္စများနှင့် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း စသော စိတ်ခံစားမှုရှိနေသူများအတွက် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် online Training ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုခံယူလိုသူများ အတွက် ယုံကြည်စိတ်ချစွာ တိုက်ရိုက်ဆက်သွယ်နိုင်သော Hot Line နံပါတ်များ သတ်မှတ် အသိပေးခြင်း စသည့်တို့ကို ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter