ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွင်း COVID - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ဆောင်ရွက်ထားရှိမှုများ ညှိနှိုင်းဆွေးနွေး

 ဧပြီလ ၊ ၁၄ ၊ ၂၀၂၀ ၊ နေပြည်တော်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွင်း နေထိုင် ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် ရေး ဆောင်ရွက်ထားရှိမှုများ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့် Video Conference ပြုလုပ်ခဲ့ပါသည်။                                                                

     ညှိနှိုင်းဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် (၄) ခုရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ အတွင်းနေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးစီမံချက်ကိုရေးဆွဲခဲ့ပြီး COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အတည်ပြုချက်ကိုလည်းရရှိပြီးဖြစ်ကြောင်း၊ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများနှင့်လည်း စီမံချက်နှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးထားပြီးဖြစ်ကြောင်း၊ စီမံချက်အရလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာငွေကုန်ကျစရိတ်ကို စိစစ်ပြီး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသ များလိုက် မြေပြင်တွင်အကောင်အထည် ဖော်ဆောင်ရွက်နေကြသော ဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းတာဝန်များ များပြားသော်လည်း ယခုကာလအတွင်း အားသွန်ခွန်စိုက်ကြိုးပမ်းပေးကြစေလို ကြောင်း၊ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွင်းနေထိုင်ကြသည့် ပြည်တွင်း နေရပ် စွန့်ခွာသူများအတွက် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ရေး လက်ရှိလုပ်ငန်းဆောင်ရွက်မှု များကို နေ့စဉ်သတင်းပေးပို့ကြရန်နှင့် လုပ်ငန်းများအလိုက်အကောင်အထည်ဖော်ရာတွင် လိုအပ် ချက်များကို ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွင်း နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးစီမံချက်ကို စီမံခန့်ခွဲမှုအကောင်းဆုံးနှင့် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။                 ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက စီမံချက်ပါလုပ်ငန်းစဉ်များကို ပြည်နယ်များအလိုက် လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြပါသည်။                                                                                    

       ဆက်လက်၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွင်း လက်ရှိဆောင်ရွက်ပေးနေသည့် အသိပညာပေး လုပ်ငန်းများ၊ စခန်းများတွင် လုံလောက်သော ရေ၊ ဆပ်ပြာ နှင့် လက်ဆေးရန်နေရာများ စီစဉ် ဆောင်ရွက်ပေးရေးအခြေအနေ၊ အနီအောက်ရောင်ခြည် ကိုယ်အပူချိန်တိုင်း ကိရိယာများ လုံလောက်စွာရရှိရေးနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်နိုင်ရေးအခြေအနေ၊ COVID - 19 ရောဂါလက္ခဏာများ တွေ့ရှိရပါကဆောင်ရွက်ရမည့် လူနာညွှန်းပို့ခြင်းလုပ်ငန်းစဉ် ရေးဆွဲထား သည့် အခြေအနေ၊ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (သို့မဟုတ်) အဝတ်ဖြင့်ချုပ်ထားသည့် ပါးစပ်နှင့် နှာခေါင်းစည်းများ ပေဝေးရေး ၊ စားရေရိက္ခာပံ့ပိုးထောက်ပံ့မှု အခြေအနေများကို ပြည်နယ် အသီးသီးက တင်ပြကြရာ  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်တို့ကို အသေးစိတ် ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter