ချင်းပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ၂၆.၅.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID - 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
    (၂၄-၅-၂၀၂၀)ရက်နေ့တွင် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ သာသနာ့ဝေပုလ္လဘုန်းတော်ကြီး ကျောင်း၊ လမ်းဦးစီးဝန်ထမ်းအိမ်ရာ၊ (အ.လ.က)လိပ်ကုန်း၊ ပြည်ခိုင်ဖြိုးရုံး ၊ အိုးအိမ်ဝန်ထမ်း အိမ်ရာနှင့် စိုက်ပျိုးရေးရုံး၊ အ.ထ.က၊ စည်ပင်ရုံး/ကမ်းနားသောင်ပြင်၊ IDP တန်းလျား၊ IDP လုံးချင်း၊ ရွက်ဖျင်တဲ(ထွေ/အုပ်) တိုက်ပွဲရှောင်စခန်းများနှင့် ပလက်ဝမြို့ရှိ အ.ထ.က(၁)မြို့မ၊ RC ဘုရားကျောင်း၊ ဆွေမျိုးများနေအိမ်(မြို့မ)၊ ဝိသုဒ္ဒါရုံကျောင်းတိုက်၊ ဆွေမျိုးများနေအိမ် (ရွာမ)၊ အင်္ဂလီကန်ဘုရားကျောင်း၊ တောင်တန်းသာသနာပြုကျောင်း၊ ဆွေမျိုးများနေအိမ် (ရိက္ခာ)၊ လောင်းကဒူးခန်းမ(ကင်ဝ)၊ တစညရုံး၊ စိုက်ပျိုးရေးဝန်ထမ်းအိမ်ရာ၊ နှစ်ခြင်းဘုရား ကျောင်းနှင့် မူလွန်(မြို့မ) တိုက်ပွဲရှောင်စခန်းများ စုစုပေါင်း တိုက်ပွဲရှောင်စခန်း(၂၃)ခုသို့ သွားရောက်၍ အဝတ် Mask (၁၁၈၀၀)ခု၊ ထုံး(၂၀၀)အိတ်၊ ဆပ်ပြာ(၇၇၀၄)တောင့်၊ လက်သန့် ဆေးရည်(၂၄၅၀)ဗူး၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၇)ခု၊ Hand Speaker (၁၄)ခု၊ အပူချိန်တိုင်းကိရိယာ(၁၄)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

FacebookTwitter