COVID -19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းများကို မကွေးတိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်

မကွေး၊ ၁၆.၆.၂၀၂၀
    COVID - 19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ ပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅)နှစ်အောက်ကလေးများ၊ သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတို့  လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပညာရေး ကောလိပ်ဝန်းအတွင်းနှင့် မင်းဘူးမြို့၊ စက္ကတဲဘုရားကျောင်းဝန်းအတွင်းတို့၌ Quarantine Center များအဖြစ် ဖွင့်လှစ်ထားသည့် နေရာများသို့ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာ ကန့်သတ်ထားရှိသူများအား ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက် ခဲ့ကြပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မကွေးတိုင်းဒေသကြီးအတွင်းရှိ အသွားအလာကန့်သတ်ခြင်းနေရာများတွင်ရှိသော ကိုယ်ဝန်ဆောင် မိခင် (၁၀၁) ဦး၊  အသက်(၅) နှစ်အောက်ကလေး (၂၆)ဦးနှင့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီး ရွယ်အို (၈)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့သည့် စုစုပေါင်းငွေကျပ် (၄,၀၅၀,၀၀ဝိ/-) (ကျပ်သိန်းလေးဆယ်ငါးသောင်းတိတိ) ကို ပြည်ထောင်စုဝန်ကြီးက စခန်းတာဝန်ခံ များထံသို့ ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဆိုပါ Quarantine Center များရှိ စေတနာ့ဝန်ထမ်းကိုယ်စားလှယ်များအား ကူညီဆောင်ရွက်မှုလုပ်ငန်းများတွင်  ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များကိုမေးမြန်း၍ ကူညီပံ့ပိုးမည့်ကိစ္စများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
    ယနေ့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်တို့၏ မြို့နယ်(၂၅)မြို့နယ်အတွင်းရှိ စုစုပေါင်း စေတနာ့ဝန်ထမ်း (၇,၅၈၀) ဦး၊ ပရဟိတအဖွဲ့ (၁၇၂) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို မကွေးတိုင်းဒေသကြီးအစိုးရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့များလက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ စာရင်းကျန်ရှိခြင်းများ ရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် COVID -19 ကာလ၏ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ရာ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ များအား တွေ့ဆုံ၍ တစ်ဦးတစ်ဖွဲ့ချင်းပေးအပ်ခြင်း၊ အခမ်းအနားဖြင့် ဂုဏ်ပြုပြောကြားခြင်းများကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ လိုအပ်ချက်များကို မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့မှ အဆင့်ဆင့်သတင်းရယူ၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် COVID -19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏ စိစစ်မှုဖြင့် ဆက်လက်ဂုဏ်ပြု ပေးအပ်သွားမည် ဖြစ်ပါသည်။
    ယနေ့ မကွေးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ ပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရန် လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter