ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် MCCT အစီအစဉ်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း

နေပြည်တော်၊ ၁၃ ဩဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) အား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ထောက်ပံ့နိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှု ပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး မှတက်ရောက်ခဲ့ပြီး “MCCT အစီအစဉ်သည် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစ ကလေးငယ်များနှင့် ကလေးငယ်များအသက်(၂)နှစ်အထိ ၎င်းတို့၏မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေမည်ဖြစ်ပြီး၊ အာဟာရဆိုင်ရာ အခြေအနေများအရ ထိခိုက်လွယ်သော ဒေသများအား ဦးစားပေးသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အကျိုးခံစားခွင့်ရှိသူအများစုသည် ဘဏ်များသို့လက်လှမ်းမမှီခြင်းနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ လုံလောက်စွာမရရှိ နိုင်ကြောင်း၊ ထို့ကြောင့်မိမိတို့သည် အကျိုးခံစားခွင့်ရှိသူများအား ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းမှုဖြင့် လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်စေရန် AYA Pay နှင့် KBZ Pay တို့ဖြင့်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ MCCT စီမံကိန်းအတွက် ပွင့်လင်းမြင်သာမှု၊ မြန်ဆန်မှု၊ တိကျမှုနှင့်ထိရောက်မှုတို့ကို သေချာစေရန်အပြင် AYA Pay နှင့် KBZ Pay တို့မှ financial inclusion ကိုပါ တိုးတက်စေနိုင်ပြီး၊ အကျိုးခံစားသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းပိုက်ဆံအိတ်များမှတစ်ဆင့် ဘဏ်၀န်ဆောင်မှုများကိုပါ ရယူနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ကလေးငယ်များနှင့်နို့စို့ကလေးများတွင် အာဟာရချို့တဲ့မှုသည် သိမြင်မှုဆိုင်ရာဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး အနာဂတ်ကုန်ထုတ်စွမ်းအား၊ သင်ယူမှုအလားအလာနှင့်  အလုပ်အကိုင်အခွင့်အလမ်း များကို ထိခိုက်စေနိုင်ပါသည်။ ကမ္ဘာ့ဘဏ်၏အဆိုအရ မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေးသုံးပုံတစ်ပုံသည် ကြီးထွားမှုနှေးကွေးနေသည်။ အချို့ဒေသများတွင် ဤနှုန်းသည် ကလေးဆယ်ဦးလျှင် လေးဦးအထိမြင့်မားနိုင်ပါသည်။ အကယ်၍ အစီအစဉ်သည် ဒေသ၏ နေရာအားလုံးသို့ရောက်ရှိပါက ခန့်မှန်းခြေအားဖြင့် ဧရာ၀တီတိုင်းဒေသကြီးမှ အကျိုးခံစားခွင့် ရှိသော အိမ်ထောင်စု ၄၈၃,၀၀၀ ခန့်နှင့် ရှမ်းပြည်နယ်ရှိ အကျိုးခံစားခွင့်ရှိသောအိမ်ထောင်စု ၄၈၇,၀၀၀ ခန့်သည် စီမံကိန်းအကောင်အထည်ဖော်မှု၏ ပထမလေးနှစ်တာကာလအတွင်း အနည်းဆုံး ငွေသားလွှဲပြောင်းခြင်း တစ်ကြိမ်ကိုလက်ခံရရှိ နိုင်မည်ဖြစ်ပါသည်၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အနည်းဆုံးလူဦးရေ၏ ၈၀ ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ်ရှိ ၆၀ ရာခိုင်နှုန်းသည် ငွေကြေးထောက်ပံ့ခြင်းကို လက်လှမ်းမီနိုင် လိမ့်မည်ဟု မျှော်လင့်ရပါကြောင်း၊ AYA Bank နှင့် KBZ Bank တို့သည် ၎င်းတို့၏ နည်းပညာဆိုင်ရာပလက်ဖောင်းများနှင့် ငွေပေးချေခြင်း ၀န်ဆောင်မှုများအပြင် ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်၏ အောင်မြင်မှုကို သေချာစေရန် ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၎င်းတို့တွင် အကျိုးခံစားသူများအတွက် ငွေသားထုတ်ယူနိုင်ရန်ခိုင်မာသော AYA PAY နှင့် KBZ Pay အေးဂျင့်ကွန်ယက်တစ်ခု တည်ဆောက် ခြင်းနှင့် စတိုးဆိုင်များတွင် မိုဘိုင်းငွေကြေးဖြင့် ၀ယ်ယူမှုများအတွက် ကျယ်ပြန့်သော ကုန်သည်ကွန်ယက် တစ်ခုလည်း ပါဝင်ပါမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဧရာဝတီဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးငြိမ်းချမ်းစိုးဝင်းမှ MCCTအစီအစဉ်အတွက် AYA Pay Mobile Walletနှင့် AYA Pay Agentများနှင့်အတူ လုံခြုံသည့် အီလက်ထရောနစ် ငွေလွှဲပြောင်းခြင်းလုပ်ငန်းစဉ်ဖြင့် ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် ၀မ်းမြောက်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ထောင်နှင့်ချီသော ကိုယ်စားလှယ်များရှိနေခြင်းကြောင့် ငွေလွှဲပြောင်းမှု၀န်ဆောင်မှုပေးသူများအနေဖြင့် အာဟာရဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း ၀န်ဆောင်မှုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်သာမက ဒစ်ဂျစ်တယ်နှင့် ငွေကြေးဆိုင်ရာ အသိပညာမြင့်မားရေးကို ဘဏ်ဝန်ဆောင်မှု လက်လှမ်းမီခြင်း မရှိသည့်ဒေသမှ အကျိုးခံစားခွင့်ရှိသူများအတွက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် အသုံးပြု သူများကို တိုးမြှင့်ခြင်းအားဖြင့် တိုင်းပြည်၏ငွေကြေး ဆိုင်ရာ အသိပညာမြင့်မားရေးကိုပါ အထောက်အကူပြုလိမ့်မည်ဖြစ်ပါသည်။
အခြားတစ်ဖက်တွင် ဧရာဝတီဖောင်ဒေးရှင်းမှတစ်ဆင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခံစားနေရသော ရပ်ရွာလူထုများအား AYA ဘဏ်မှ ပုံမှန်ပံ့ပိုးမှုများပေးခဲ့ပြီး အနာဂတ် ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာများနှင့် အကျိုးခံစားခွင့်ရှိသူများအား ကူညီရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ KBZ ဘဏ်မှ လက်ထောက်မန်နေဂျင်းဒါရိုက်တာ Mr. Robin Chua မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့်လက်တွဲပြီး အာဟာရဆိုင်ရာ လိုအပ်ချက်များရှိသည့် ထိခိုက်လွယ်လူအုပ်စုများကို ပံ့ပိုးကူညီခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ကျွန်ုပ်တို့၏လုံခြုံသော KBZ Pay မိုဘိုင်းပိုက်ဆံအိတ်နှင့် ကျယ်ပြန့်သော အေးဂျင့်ကွန်ယက်သည် အကျိုးခံစားသူများအား လုံခြုံစိတ်ချရသော ငွေကြေးလွှဲပြောင်းမှုကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ကိုယ်ဝန်‌ဆောင်မိခင်များကိုယ်တိုင်နှင့် ၎င်းတို့၏ကလေးများအတွက် စောင့်ရှောက်မှုခံယူရန်နှင့် အာဟာရဆိုင်ရာအလေ့အထများ တိုးတက်စေရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ AYA Pay နှင့်အတူ MCCT အစီအစဉ်ကို ဝန်ဆောင်မှုပေးခြင်းသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအ၀န်း ဖွံ့ဖြိုးတိုးတက်မှုကိုထောက်ပံ့ရန် ရည်မှန်းချက်နှင့်ကိုက်ညီပြီး၊ မိုဘိုင်းပိုက်ဆံအိတ်နည်းပညာသည် မြန်မာနိုင်ငံ၏လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုအား မည်သို့အထောက် အကူပြုနိုင်သည်ကို အကောင်းဆုံး ဥပမာပေးနိုင်မည် ဖြစ်ကြောင်း၊ ဤစီမံကိန်းသည်အစိုးရ၏ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်တွင် ဖော်ပြထားသည့်ရည်မှန်းချက်ဖြစ်သော မိုဘိုင်းငွေကြေး၀န်ဆောင်မှုများကို ထောင်နှင့် ချီသောလူများအား မိတ်ဆက်ပေးမည်ဆိုသည့်အချက်နှင့်လည်း ကိုက်ညီကြောင်း၊ ကလေးသူငယ်များ၏ အရပ်ပုညှက်မှုနှုန်းကို လျှော့ချရန်ရည်ရွယ်၍ MCCT အစီအစဉ်သည် အာဟာရပြည့်ဝစွာ စားသုံးနိုင်စေရန်နှင့် အာဟာရဆိုင်ရာအပြုမူအလေ့အကျင့်များကို တိုးတက်‌စေရန်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ငွေကြေး‌ထောက်ပံ့ခြင်း အစီအစဉ်သည် ကလေးငယ်များ၏ ဘဝအစပထမဦးဆုံးရက်ပေါင်း ၁၀၀၀တွင်ရှိသော ကလေးမိခင်များကို ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ MCCT အကျိုးခံစားခွင့်ရှိသူများသည် တစ်လလျှင်ကျပ် ၁၅၀၀၀ ကျပ်ဖြင့် သုံးလတစ်ကြိမ် (၄၅၀၀၀)ကျပ်ငွေလွှဲခြင်းကို လက်ခံရရှိမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့မှုကို ရရှိမည်ဖြစ်သည်။ ငွေကြေးထောက်ပံ့ခြင်း သည် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များ အာဟာရရှိသော အစားအစာများကိုဝယ်ယူရန်နှင့် မီးမဖွားမီနှင့်ကိုယ်ဝန်ဆောင်စဉ် စောင့်ရှောက်မှုရရှိနိုင်ရန် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်မှစ၍ MCCT အစီအစဉ်ကို ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် အကျိုးခံစားခွင့်ရှိသူများကို ငွေသားလက်ဝယ်ပေးသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ပါ သည်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ MCCT အစီအစဉ်အကျိုးခံစားခွင့်ရှိသူများအား ငွေကြေးထောက်ပံ့ခြင်းကို ငွေသား ပေးချေမှုနှောင့်နှေးခြင်းကို ကာကွယ်ရန်နှင့် မိုဘိုင်းပိုက်ဆံအိတ်နည်းပညာကိုမြှင့်တင်ရန်အတွက် AYA PAY နှင့် KBZ Pay တို့ကိုတင်ဒါခေါ်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် AYA Pay နှင့် KBZ Pay တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် MCCT အစီအစဉ်၏ ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီဘဏ်လီမိတက်နှင့် ကမ္ဘောဇဘဏ်တို့အကြား သဘောတူလက်မှတ်ရေးထိုးခြင်းကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ၁၃ရက်နေ့ ကြာသာပတေးနေ့တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပခဲ့ ပါသည်။

MCCT ငွေကြေးထောက်ပံ့မှုအစီအစဉ်၏ အကျိုးခံစားခွင့်ရှိသူအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားသူများသည် ဆေးရုံ(သို့မဟုတ်)ဆေးခန်းများမှ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်း၊ ကလေး အကျိုးခံစားခွင့်ရှိသူများအတွက် ကလေးမွေးစာရင်း (သို့မဟုတ်) ကာကွယ် ဆေးထိုးမှတ်တမ်းကို မိုဘိုင်းဖုန်းများမှတဆင့် လျှောက်လွှာတင်၍ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ အကျိုးခံစားခွင့်ရှိသူများနှင့်ပတ်သက်သောအချက်အလက်များကို MCCT စီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ်၏ ထောက်ပံ့ငွေစာရင်းတွင်မထည့်သွင်းမီ လူမှုဝန်ထမ်းဦးစီးဌာနမှ စိစစ်ပြီး AYA PAY နှင့် KBZ Pay သို့ချိတ်ဆက်၍ ငွေကြေးလွှဲပြောင်းခြင်းအတွက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် AYA PAY နှင့် KBZ Pay တို့မှတာဝန်ရှိသူများက သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး၊ တက်ရောက်လာကြသော သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

FacebookTwitter