ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် IDP စခန်းများရှိ ပြည်သူများနှင့် ဘိုးဘွားများ၊ မသန်စွမ်းများအား COVID 19 စီးပွားရေးကုစားမှုအစီအစဉ်အရ ပံ့ပိုးကူညီမှုများဆောင်ရွက်

လားရှိုးမြို့၊ ၁၄.၈.၂၀၂၀
ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် IDP စခန်းများရှိ ပြည်သူများနှင့် ဘိုးဘွားများ၊ မသန်စွမ်းများအား COVID 19 စီးပွားရေး ကုစားမှုအစီအစဉ်အရ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြည်သူများရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရက ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် မဖြစ်မနေဦးစွာ တည်ဆောက်ရမည်မှာ အခြေခံအဆောက် အအုံများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေးများဖြစ်ပါကြောင်း၊ အစိုးရသစ် တာဝန်ယူစဉ်ကာလအတွင်း တိုးတက်မှုများကို အားလုံးက သိသိသာသာခံစားရရှိနေကြပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ဖြည့်ဆည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးက ရေတိုရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရေတိုဆောင်ရွက်ချက်အနေဖြင့် လက်ငင်းပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် ဒုက္ခခံစား ရသူတွေကို အလျင်အမြန် တုံ့ပြန်ထောက်ပံ့လျက်ရှိပါကြောင်း၊ ယခု COVID 19 ကာလတွင် ဝင်ငွေအခက်အခဲများကြောင့် အိမ်ထောင်စုအတွင်း၊ မိသားစုအတွင်း ဒုက္ခပိုမိုခံစားရသည့် ထိခိုက်လွယ်သော အုပ်စုတွင်ပါသော သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များအတွက် ပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ပုံမှန်အခြေတကျ မနေထိုင်ရဘဲ မိမိတို့ အိုးအိမ်၊နေရပ်များကို စွန့်ခွာနေကြရပြီး ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင် နေကြရသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများသည် ယခု COVID 19ကာလ တွင် ပိုမိုခက်ခဲမှုများကို ခံစားကြရပါကြောင်း၊ ထို့ကြောင့်အခုလို အခက်အခဲ ကြုံတွေ့နေကြရသည့် ပြည်သူများအတွက် စာနာမှုအကူအညီများကို လတ်တလောအနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ IDP စခန်းများတွင် နေထိုင်သူများအတွက် မိသားစု ပညာရေး၊ ကျန်းမာရေးအကိစ္စများပါအဝင် စားသောက်ကုန်များ ဝယ်ယူသုံးစွဲနိုင်ရန် အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့မှုပြုခြင်း၊ ပုံမှန်လူမှုရေး ပင်စင်ရရှိမှုတွင် မပါဝင်သေးသော သက်ကြီးဘိုးဘွားများအတွက် အထူးတစ်ကြိမ်ထောက်ပံ့ခြင်း၊ ယခင်အကြိမ်ထောက်ပံ့မှုတွင် မပါဝင်သေးသော မသန်စွမ်းများအတွက်ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း၊ ယခုလိုထောက်ပံ့မှုများသည် ရေတိုအတွက်ဖြစ်သော်လည်း ထောက်ပံ့ငွေ များကြောင့် ဒေသတွင်းငွေကြေးစီးဆင်းမှု ပိုမိုများပြားလာပြီး တစ်ဆက်တည်းမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေပါကြောင်း၊ ရေရှည်အနေဖြင့် မိမိတို့ ဝန်ကြီးဌာနသည် အခြားဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက် အစိုးရက ထာဝရ ငြိမ်းချမ်းရေးရရှိရေးရည်ရွယ်ချက်ဖြင့် ကျင်းပဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံက ဆွေးနွေးရရှိလာသည့် ဘုံသဘောတူညီချက်များထဲမှ လူမှုရေးကဏ္ဍဆိုင်ရာသဘောတူညီချက် (၁၁)ချက်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင်အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ဆောင်ရွက်မှုတိုင်းတွင် လူမှုသဟဇာတ သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ထောက်ပံ့မှုများသည် ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူများလိုအပ်သည့်အချိန်တွင် ပြည်သူများထံသို့ ပြန်လည်ရောက်ရှိအောင် ပြည်သူ့အစိုးရကဆောင်ရွက်ပေးနေခြင်း ဖြစ် ကြောင်း၊ အကျိုးခံစားခွင့်ရှိသူများထံ အလေအလွင့်မရှိဘဲ အပြည့်အဝရရှိအောင် ဆောင်ရွက် ပေးကြသော အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနအပါအဝင် ဌာနဆိုင်ရာများ၊ ပူးပေါင်းကူညီ ဆောင်ရွက်ကြသည့် ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် COVID 19 စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း IDP စခန်းများတွင်နေထိုင်ကြရသော အိမ်ထောင်စု (၁၄၂၃) စုအတွက် ထောက်ပံ့ငွေကျပ် (၅၆.၉၂)သန်း၊ ဘိုးဘွားများ (၄၉၆)ဦးအတွက် ငွေကျပ် (၁၄.၈၈) သန်း၊ လားရှိုးခရိုင်အတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း (၂၅၁၄)ဦးအတွက် ငွေကျပ် (၇၅.၄၂)သန်း တို့ကို တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ် ထောက်ပံ့ခဲ့ပါသည်။
ထောက်ပံ့မှုများပေးအပ်အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက် လာကြသော တိုင်းရင်းသားဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်  ဆရာတော် လားရှိုးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒကို သွားရောက်ကြည်ညိုဖူးမျှော်ပြီး ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေများ ဆပ်ကပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter