ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်သင်တန်းကျောင်းများတွင် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် လေ့ကျင့်ပေးနိုင်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ရန်ကုန်၊ ၁၆.၈.၂၀၂၀
    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင် ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဥပဒေများအရ ကာကွယ် စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များ၊ စာရိတ္တပြုပြင်ရန်လိုအပ်သော ကလေးသူငယ်များ အတွက် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်လူငယ်သင်တန်း ကျောင်း၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးလူငယ်သင်တန်း ကျောင်းနှင့် မွန်ပြည်နယ် မော်လမြိုင်လူငယ်သင်တန်းကျောင်းတို့ကို ဖွင့်လှစ်၍ ဆောင်ရွက် ပေးလျက်ရှိပါသည်။
    အဆိုပါသင်တန်းကျောင်းများတွင် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်လေ့ကျင့်ပေး နိုင်ရန် လိုအပ်ချက်များ၊ လေ့ကျင့်သင်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများ ပိုမိုစနစ်ကျစေရန် လူငယ်သင်တန်းကျောင်းလက်စွဲစာအုပ် ရေးဆွဲဆောင်ရွက်နိုင်ရေးနှင့် သင်တန်းကျောင်းများရှိ လူငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက (၁၄.၈. ၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်လူငယ်သင်တန်းကျောင်း၊ (၁၅.၈.၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်လူငယ်သင်တန်းကျောင်းနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်က (၁၆.၈.၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်း ကျောင်းများသို့ သွားရောက် ကြည့်ရှုဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းများသို့ရောက်ရှိစဉ် သင်တန်းကျောင်းအုပ် များနှင့် တာဝန်ခံဆရာ၊ ဆရာမများက သင်တန်းကျောင်း၏ အဆောက်အဦအခြေအနေများ၊ သင်တန်းကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော ကလေးအမျိုးအစားများ၊ နေ့စဉ် အစားအသောက်ကျွေးမွေးမှုများ၊ သင်တန်းကျောင်းနေ လူငယ်များအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုများ၊ ကျောင်းပညာသင်ယူနေသည့် ကလေးသူငယ်များအတွက် ပညာရေးဆောင်ရွက် ထားမှုများ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုများ၊ အားကစား၊ ဂီတနှင့် အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် တွေ့ကြုံရသော အခက်အခဲများကို အသီးသီး တင်ပြခဲ့ကြပါသည်။
    တင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် စာရိတ္တပြုပြင်ပေးရန် လိုအပ်သော ကလေးသူငယ်ဦးရေသည် များပြားလာခဲ့ကြောင်း၊ စီမံခန့်ခွဲမှုများ လုပ်ငန်းများကို ညွှန်ကြားချက်များ၊ သတ်မှတ်လုပ်ထုံး၊ လုပ်နည်းများဖြင့် အကောင်အထည်ဖော်လျက်ရှိရာ ပိုမို စနစ်ကျစေရန် လူငယ်သင်တန်းကျောင်း လက်စွဲစာအုပ်ကို ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်စွဲစာအုပ်ရေးဆွဲကြရာတွင် လက်တွေ့ကြုံတွေ့ရသည့် အခြေအနေများ၊ ရင်ဆိုင်ဖြေရှင်း နေရသည့် ပြဿနာများအပေါ်အခြေခံ၍ ဆရာ၊ ဆရာများနှင့် ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ အလိုက် ဆောင်ရွက်ရမည့် အသေးစိတ်လုပ်ငန်းစဉ်များကို  ညှိနှိုင်းဆွေးနွေးပြီး ထည့်သွင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိလာကြသည့် လူငယ်များထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ခိုးမှု၊ လုယက်မှုများသည် အများဆုံးဖြစ်ပြီး ဤအမှုများကို ကျူးလွန် ရခြင်း၏ အခြေခံအကြောင်းရင်း များစွာရှိမည်ဖြစ်ကြောင်း၊ မိဘမဲ့ဖြစ်ခြင်း၊ မိဘအုပ်ထိန်းမှုမခံရခြင်း၊ မိသားစုပြဿနာရှိခြင်း၊ ဆင်းရဲခြင်း၊ မိသားစုနှင့်ကင်းကွာလာခြင်းနှင့် မူးယစ်ဆေးဝါးသားကောင် ဖြစ်လာခြင်းများသည် အဓိကအကြောင်းရင်းများဖြစ်ပြီး ထိုအခြေအနေများကြောင့် ပြစ်မှုများ ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးများကို အချိန်တိုအတွင်းအပြည့်အဝဆောင်ရွက်၍ မရသော်လည်း အသိမှန်၊ ခံယူချက်မှန်ရန်နှင့် မိမိတို့ကစတင်၍ ပြောင်းလဲမှသာ နောင်မျိုးဆက် များကို ရိုးသားခြင်း၊ ကြိုးစားခြင်း လက်ဆင့်ကမ်းအမွေကောင်းများပေးခဲ့နိုင်မည် ဖြစ်ကြောင်း သဘောပေါက်နားလည်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်စေခြင်း၊ ဂီတအနုပညာတွင် မွေ့လျော်စေခြင်း၊ သတင်းစာများ၊ စာစောင်များ ဖတ်ရှု စေခြင်းဖြင့် ခေတ်ကာလအခြေအနေများကို သိရှိနားလည်စေခြင်း၊ လူငယ်များကို ပြုပြင် ပြောင်းလဲရေးများ ဆောင်ရွက်ရာတွင် လူငယ်အချင်းချင်းက ထိရောက်စွာစည်းရုံးဆောင်ရွက်ခြင်း၊ သင်တန်းကျောင်းများတွင်လည်း ဝန်ထမ်းအင်အားနည်းပါးသည့်အတွက် နိုင်ငံတော်ကချမှတ်သည့် လူငယ်မူဝါဒအရ ဖွဲ့စည်းထားသော လူငယ့်ရေးရာကော်မတီဝင် လူငယ်များရှိရာ ထိုလူငယ်များ၏ ဆန္ဒအရ ပူးပေါင်းကူညီမှုရယူခြင်း စသည်တို့ကို ပြုလုပ်သင့်ကြောင်း၊ သင်တန်းကျောင်းများတွင် သောက်ရေ၊ သုံးရေ လုံလောက်မှုနှင့် ရေချိုးခန်းနှင့် သန့်စင်ခန်းများ လုံလောက်စွာရှိစေရန် တာဝန်ရှိသူများနှင့်ညှိနှိုင်း၍ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။
အလားတူ ဒုတိယဝန်ကြီးဦးစိုးအောင်သည် ယနေ့နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတာဝန်ခံက  သင်တန်းကျောင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လိုအပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် အဆောင်အလိုက် တာဝန်ယူဆောင်ရွက်နေသော ဝန်ထမ်းများက လိုအပ်ချက် များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက  လိုအပ်မှုများကို တာဝန်ရှိသူများက ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင်  ပြစ်မှုကျူးလွန်၍ ကလေးသူငယ်တရားရုံးက ပြစ်ဒဏ်စီရင်ခြင်းခံရသော အမိန့်ကျ ကလေးသူငယ်(၅၂၅)ဦး၊ သင်တန်းကျောင်းက ပြုစုစောင့် ရှောက်ထားသော  ကလေး(၈၂)ဦး စုစုပေါင်း (၆၀၇)ဦး၊ သန်လျင်လူငယ်သင်တန်းကျောင်းတွင်  အမှုရင်ဆိုင်ဆဲ ရီမန်ကလေး (၄၇၈) ဦး၊ သင်တန်းကျောင်းက ပြုစုစောင့်ရှောက်ထားသော ကလေး (၂၇)ဦး စုစုပေါင်း (၅၀၅)ဦးနှင့်  မော်လမြိုင်လူငယ်သင်တန်းကျောင်းတွင်  အမှုရင်ဆိုင်ဆဲ ရီမန် ကလေး (၁၁၄)ဦး၊ ပြစ်မှုကျူးလွန်၍ ကလေးသူငယ်တရားရုံးက ပြစ်ဒဏ်စီရင်ခြင်းခံရသော အမိန့်ကျပြီး ကလေးသူငယ် (၁၁၀) ဦး၊ သင်တန်းကျောင်းက ပြုစုစောင့်ရှောက်ထားသောကလေး (၂၀)ဦး၊  စုစုပေါင်း (၂၄၄)ဦး ရှိပြီး ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံရမှု မရှိစေရေး၊ လုံခြုံမှုရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန်နှင့် လိုအပ်ချက်များအတွက် အတတ်နိုင်ဆုံး စနစ်တကျဖြည့်ဆည်း ဆောင်ရွက်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter