UEHRD ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း COVID 19 ကူးစက်ပျံ့နှံမှုဖြစ်စဉ် အတွက် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေး နေပြည်တော်၊ ၂၃.၈.၂၀၂၀ ရခိုင်ပြည်နယ်အတွင်း

နေပြည်တော်၊ ၂၃.၈.၂၀၂၀
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ အနေဖြင့် ရခိုင်ပြည်နယ် အတွင်း COVID 19 ကူးစက်ပျံ့နှံမှုဖြစ်စဉ်အတွက် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ UEHRD ကော်မတီ ဒုတိယဥက္ကဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဉီးတိုးအောင်နှင့် ဉီးညီငြိမ်းအေး၊ UEHRD ၏ Healthcare Task Force အဖွဲ့ဝင်များ၊ UEHRD ရုံးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက UEHRD ပြည်ထောင်စု စီမံကိန်းသည် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးအန္တရာယ်ခံစားရသူများ အတွက် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ UEHRD လုပ်ငန်းစဉ်များတွင်ပါဝင်သော လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ရေရှည် လုပ်ငန်းစဉ်များအဖြစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု COVID 19 ကမ္ဘာ့ကပ်ရောဂါသည် ရခိုင်ပြည်နယ်အတွင်း စတင်ပြန့်ပွားမှုဖြစ်ပွားနေစဉ်တွင် COVID 19 ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်အရလိုအပ်ချက်များရှိလာပါကြောင်း၊ UEHRD ၏ Healthcare Task Force အနေဖြင့် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များအရ UEHRD Healthcare Task Force က ကျန်းမာရေးစောင့်ရှောက်မှုများအတွက်လိုအပ်သော ဆေးရုံကုတင်များ၊ အင်အားတိုးချဲ့ဆောင်ရွက်ရမည့်ကျန်းမာရေးဝန်ထမ်းများအတွက်လိုအပ် သော ပံ့ပိုးကူညီမှုများ၊ အဖက်ဖက်က ပါဝင်ပူးပေါင်းကူညီကြမည့် စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပြီး ထိရောက်စွာ ပူးပေါင်း ကူညီကြရန်ဖြစ်ကြောင်း၊ ထို့အပြင် UEHRD၏ အခြားသော Task Forces များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးပေးကြရန်ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများက UEHRD အနေဖြင့် လက်ရှိ ရခိုင်ပြည်နယ် ၏ ပကတိအခြေအနေများကို သိရှိပြီးဆောင်ရွက်နိုင်ရန် သတင်းရယူညှိနှိုင်းပေးမည့် တာဝန်ခံသတ်မှတ်ခြင်း၊ အမြန်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းအစီအစဉ်များ သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စများကို UEHRD Healthcare Task Force က သီးခြားဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ဆွေးနွေးဆုံးဖြတ်ခြင်း၊ ကျန်းမာရေးဝန်ထမ်း များအတွက် အမြန်ဆုံးကူညီပံ့ပိုးမည့်အစီအစဉ်များဆွေးနွေးခြင်း၊ ရခိုင်ပြည်နယ် လူငယ့် ရေးရာကော်မတီဝင်များနှင့် ဆွေးနွေးရန်ကိစ္စညှိနှိုင်းခြင်း၊ အသင့်ရှိပြီးဖြစ်သော သင်တန်းဆင်း စေတနာ့ဝန်ထမ်းများအား ပြန်လည်စုစည်းခြင်းနှင့် အင်အားတိုးချဲ့ပြီး သင်တန်းများထပ်မံပို့ချရန်စီစဉ်ခြင်းကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြပါသည်။
ယနေ့ဆွေးနွေးဆုံးဖြတ်ချက်များကို UEHRD ၏ Healthcare Task Force က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရ ဌာနဆိုင်ရာများနှင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter